မြန်မာနယ်စပ်မှာ တရုတ်အစိုးရ ထောင်ထားတဲ့မြေမြှုပ်မိုင်းတွေ ရှိနေ
2021.09.13
တရုတ်အစိုးရက ယူနန်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ နှစ်နိုင်ငံလူတွေရော ကုန်ပစ္စည်းတွေ ကူးလူးဆက်ဆံမှု ကိုပါ ထိန်းချုပ်ဖို့ မြေမြှုပ်မိုင်းတွေထောင်ထားခဲ့ပြီး၊ အခုတော့ ခြံစည်းရိုး ကာနေတဲ့အတွက် အဲဒီမိုင်းတွေကို စပြီးရှင်းနေပြီလို့ သိရပါတယ်။
ဒီအကြောင်းကို RFA တရုတ်ဘာသာဌာနရဲ့ သတင်းမှာ မနေ့က စက်တင်ဘာလ ၃ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
ဒီစီမံကိန်းကို စက်တင်ဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့ထိ သတ်မှတ်ပြီး ဆောင်ရွက်နေတဲ့ အတွက် ဒေသခံပြည်သူတွေ သတိဝီရိယနဲ့ သွားလာနေထိုင်ကြဖို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ကော်မတီက သတိပေးထားပါတယ်။ အခုဆောင်ရွက်နေတဲ့နေရာဟာ မြန်မာနိုင်ငံ လောက်ကိုင်မြို့နဲ့ နယ်စပ်နားမှာ ဖြစ်ပါတယ်။
ယူနန်ပြည်နယ် နန်ဆန်မြို့နယ်နားနဲ့ မန်ဒူဝင်မြို့နယ် ဘန်ကောင်းရွာနားကနေစပြီး ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပေါက်ကွဲသံတွေ ကြားရင် မကြောက်ကြဖို့ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော် ထားသလို၊ အန္တရာယ်မဖြစ်အောင် အဲဒီနေရာတွေကို ရှောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
နယ်စပ်ဖြတ်ပြီး လူတွေ ဥဒဟို ကူးလူးသွားလာတာ၊ ကုန်ပစ္စည်းတွေ အလွယ်တကူ သယ်ယူပို့ဆောင်နေတာ တွေကို တရုတ်အစိုးရကထိန်းချုပ်ဖို့ရည်ရွယ်ချက်နဲ့ အဲဒီမှာ မြေမြှုပ်မိုင်းတွေ ချခဲ့တာဖြစ်ပြီး၊ အခုတော့ အဲဒီနယ်စပ်တလျှောက် ခြံစည်းရိုးကာနေပြီဖြစ်တဲ့အတွက် မိုင်းတွေ ပြန်ရှင်းနေတာလို့ ဆိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဇန်းခန်ခရိုင်အုပ်ချုပ်ရေး အဖွဲ့ရဲ့ တည်ငြိမ်မှု ထိမ်းသိမ်းရေးဗျူရိုနဲ့ နန်ဆန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို RFA တရုတ်ဘာသာဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နန်ဆန်းအမှတ် (၁) ဧည့်ဂေဟာရဲ့ ဝန်ထမ်းတစ်ဦးကတော့ အဲဒီဒေသမှာ တရုတ်စစ်သားတွေရဲ့ မိုင်းရှင်းလင်းရေး စီမံချက် စနေပြီဆိုတာ မှန်ကန်တယ်လို့ ပြောပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုတာကို ရှောင်ကြဉ်ဖို့ဆိုတာ နိုင်ငံတကာက ပြဌာန်းထားတဲ့ အခြေခံဥပဒေသ ဖြစ်လို့ တရုတ်အစိုးရကိုယ်တိုင်က အရပ်သားတွေကို ဦးတည်ပြီး အဲဒီလို မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ် ဆိုတဲ့အပေါ် အံ့သြတုန်လှုပ်မိတယ်လို့ ယူကျုဝက်ဆိုဒ်မှာ ကိုယ်ပိုင်ရုပ်သံ ပုံမှန်လွှင့်ပြီး စီးပွားလုပ်ကိုင်နေတဲ့ လင်းလင်းကီ ဆိုသူကပြောပါတယ်။ မြေမြှုပ်မိုင်း မထုတ်လုပ်ဖို့၊ မသိုလှောင်ထားဖို့၊ အသုံးမပြုဖို့ ဆိုတာကို ၁၉၉၉ ခုနှစ်က ကုလသမဂ္ဂမှာ အောတိုဝါ နိုင်ငံတကာသဘောတူစာချုပ်နဲ့ တားမြစ်ခဲ့တာပါ။ အဲဒီစာချုပ်ကို တရုတ်အစိုးရက သိရှိကြောင်း ၂၀၀၅ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲပေးခဲ့ပေမယ့် သဘောတူ လိုက်နာမယ့်အကြောင်း လက်မှတ်ထိုး မထားသေးပါဘူး။
အခုလို မြေမြှုပ်မိုင် းသုံးနေတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ မျက်မှောက်ရေးရာ ဆောင်းပါးရှင် ဇန်ကပြောပါတယ်။ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြားမှာ နယ်စပ်ဖြတ်ပြီး လူပေါင်းများစွာ ဥဒဟို သွားလာနေကြတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလို ငြိမ်းချမ်းနေတဲ့အချိန်မှာ ကိုယ်မြေပေါ်မှာ ကိုယ့်နိုင်ငံသားတွေကို ထိန်းချုပ်ဖို့ မြေမြှုပ်မိုင်း သုံးတယ်ဆိုတာက ကျင့်ဝတ်သိက္ခာမဲ့တာပဲလို့ ဆောင်းပါးရှင် ဇန်က ဝေဖန်ပါတယ်။ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် နှစ်တိုင်း လူပေါင်း တသောင်းခွဲကနေ နှစ်သောင်းကြားမှာ အသက်ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီလို ထိခိုက်ရတဲ့သူတွေထဲမှာ ကလေးတွေနဲ့အမျိုးသမီးတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။ အခုတခါ နယ်စပ်ခြံစည်းရိုးကာနေတာနဲ့ပတ်သက်လို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး အတွက်လို့ တရုတ်အစိုးရက အကြောင်းပြနေပေမယ့် ဘာသာရေး ယုံကြည်ကိုးကွယ်မှု ကူးလူးဆက်ဆံနေတာကို တရုတ်အစိုးရ က ပိုပြီး စိုးရိမ်နေပုံ ရတယ်လို့လည်း ဆောင်းပါးရှင်ဇန်က သုံးသပ်ပါတယ်။ တရုတ်အစိုးရဟာ အခုဆိုရင် ယူနန်ပြည်နယ်ထဲက ရွှေလီ၊ လီဂျန်း၊ ဂျယ်ဂေါင်တောင်တန်းနယ်စပ်တွေမှာ ကီလိုမီတာ တစ်ထောင် အရှည်ကို သံဆူးကြိုးတွေနဲ့ ကာနေပါတယ်။ ဒီခြံစည်းရိုးတွေဟာ တရုတ်နိုင်ငံသားတွေဆီကို လျှို့ဝှက် ဆက်သွယ်နေတဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ၊ ဘာသာရေးအဖွဲ့တွေ ကူးလူးသွားလာနေတာကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ ဆောင်းပါးရှင် ဇန်ကပြောပါတယ်။
အဲဒီအပြင် နောက်တချက်ကလည်း မြန်မာနိုင်ငံထဲက တိုင်းရင်းသားအဖွဲ့တွေဆီ လက်နက်ရောင်းချနေတာကို တရုတ်ကွန်မြူနစ်ပါတီက စိုးရိမ်ပူပန်မှု ရှိနေတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ကီလိုမီတာ နှစ်ထောင် ထိစပ်နေပါတယ်။