စစ်ကောင်စီပိုင် ဂျက်တိုက်လေယာဉ်ကို တရုတ်စစ်တပ်ပစ်ခတ်တဲ့ ဗီဒီယိုပျံ့နှံ့

RFA Burmese
2024.10.20
စစ်ကောင်စီပိုင် ဂျက်တိုက်လေယာဉ်ကို တရုတ်စစ်တပ်ပစ်ခတ်တဲ့ ဗီဒီယိုပျံ့နှံ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာတွင် ပြုလုပ်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဥ်များ ပျံသန်းနေသည့် မြင်ကွင်း။
Photo: Myanmar Military

တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီလေတပ်ပိုင် ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဗုံးကြဲနေချိန်မှာ တရုတ်စစ်တပ်က စစ်ကောင်စီလေယာဉ်တွေကို ပစ်ခတ်တယ်လို့ ဘူဂေးရီးယားတပ် BulgarianMilitary.com က အောက်တိုဘာ ၂ဝ ရက်နေ့က ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက် ညဘက်က ပစ်ခတ်တဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ တွစ်တာနဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ပစ်ခတ်တဲ့ အချိန်အကျကိုတော့ ဖော်ပြမထားပါဘူး။

ဗီဒီယိုကိုရော သတင်းကိုပါ BulgarianMilitary.com က သီးခြားအတည်မပြုနိုင်ဘူးလို့လည်း ပြောပါတယ်။ ဗီဒီယိုမှာ လေယာဉ်ကို မမြင်ရပေမဲ့ ကောင်းကင်ထက်ကို ပစ်ခတ်နေတာကို တွေ့ရပါတယ်။ စကားသံတွေလည်း ကြားရပြီး တရုတ်စစ်သားတွေရဲ့အသံဖြစ်ပုံရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ တိုက်လေယာဉ်က ဘယ်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ သေသေချာချာ မသိရပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် တရုတ်နယ်စပ်နားမှာ လူနည်းစုတိုင်းရင်းသားတွေက မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒီအထဲ ကချင်လွတ်မြောက်ရေးတပ် (KIA) က အထင်ရှားဆုံးနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)လည်း ရှိပြီး UWSA ဝ တပ်ဖွဲ့ကလည်း အင်အားတောင့်တင်းတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။