တရုတ်ကိုယ်စားလှယ်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှာ တွေ့ဆုံ
2024.06.19

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းဟာ ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တိန့်ရှီးကျွင်းတို့ ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာစာမျက်နှာမှာ အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ တိန့်ရှီးကျွင်းဟာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ အဓိကဆွေးနွေးဖို့ ရောက်လာတာ ဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။
“နယ်စပ်လုံခြုံရေးကိစ္စ ဆွေးနွေးဖို့ပဲဖြစ်မှာပဲ။ ရှေ့လျှောက် မပြတ်လာနေမှာပါ။ အခုက ဟိုင်ဂင်အပစ်ရပ် စာချုပ်ကလည်း ပျက်တော့မလို ဖြစ်နေတာလေ”
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့ကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ဖို့ဆိုပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် (TNLA) တပ်သား တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ TNLA က ဇွန် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။