တရုတ်ရဲ့ စီးပွားရေးနဲ့ ရခိုင်ပြည်နယ်အရေး အဆိုပြုချက် သမ္မတဦးထင်ကျော် အသိအမှတ်ပြု
2017.11.20

တရုတ်နိုင်ငံက ကြိုးစားနေတဲ့ကုန်လမ်းရေလမ်း ခေတ်သစ်စီးပွားရေးပိုးလမ်းမကြီးစီမံကိန်းမှာ မြန်မာနိုင်ငံက လက်တွဲပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။
အာရှ-ဥရောပ ထိပ်သီးညီလာခံတက်ဖို့ နေပြည်တော်ကိုရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မနေ့က တွေ့ဆုံပွဲမှာပြောလိုက်တာပါ။
ဒီလိုပူးပေါင်းဆောင်ရွက်တာဟာ တိုင်းပြည်တွေရဲ့ ဘုံအကျိုးစီးပွားမြှင့်တင်ရေးဖြစ်သလို၊ နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှု အောင်မြင်အောင် အားတက်သရောဆောင်ရွက်တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူအထိရေးဆွဲထားတဲ့ စီးပွားရေး စြင်္ကန်လမ်းမကြီး တည်ဆောက်မယ့်အဆိုပြုချက်နဲ့ ရခိုင်ပြည်နယ်အရေးမှာ တရုတ်အစိုးရရဲ့အကြံပြုချက် ၃ ရပ်ကိုလည်း သမ္မတက အသိအမှတ်ပြုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အဆိုပြုချက်က မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် သင့်မြတ်သလို၊ လမ်းပန်းဆက် သွယ်ရေးနဲ့ လျှပ်စစ်ဖူလုံရေးအပါအဝင် ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
မနေ့ကတရက်တည်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး နဲ့တည်ငြိမ်ရေးမှာ အဓိကနေရာကနေ ပါဝင်နေသလို၊ တရုတ်-မြန်မာချစ်ကြည်ရေးကိုလည်း မြှင့်တင်နေတယ်လို့ ပြောလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း၊ တရုတ်နိုင်ငံဟာ မြန်မာရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံသာမကပဲ၊ ရိုးသားမှုအရှိဆုံး မိတ်ဆွေလည်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ တပ်မတော်ချင်း အပြန်အလှန်ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းသွားဖို့လည်း မြန်မာ့တပ်မတော်က အမြဲဆန္ဒရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။