ဒေါ်လာ သုံးသန်းကျော် တရုတ်ပေးမဲ့ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစာချုပ် စစ်ကောင်စီ လက်မှတ်ထိုး

RFA Burmese
2024.06.15
ဒေါ်လာ သုံးသန်းကျော် တရုတ်ပေးမဲ့ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစာချုပ် စစ်ကောင်စီ လက်မှတ်ထိုး ၂၀၂၄ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်တဲ့ အထူးရန်ပုံငွေ စီမံကိန်းသဘောတူစာချုပ်အား ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးလွင်ဦး (ယာ) နှင့် တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် (ဝဲ) တို့က လက်မှတ်ရေးထိုးနေစဉ်။
Ministry of Foreign Affairs Myanmar

တရုတ်နဲ့ စစ်ကောင်စီတို့ ၂၀၂၄ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်တဲ့ အထူးရန်ပုံငွေ စီမံကိန်းသဘောတူစာချုပ်ကို ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်မှာ လက်မှက်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီသဘောတူစာချုပ်အရ စစ်ကောင်စီ ဝန်ကြီးဌာန ခြောက်ခုက အကောင်အထည်ဖော်ဆောင်ရွက်မဲ့ စီမံကိန်း(၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်ကို တရုတ်က မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။

စီမံကိန်းတွေထဲမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်တွေ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ အလေ့အထနဲ့တီထွင်ဆန်းသစ်မှုတွေ ဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု နဲ့ ယဉ်ကျေးမှုကဏ္ဍ အဆင့်မြှင့်တင်ရေး စတာတွေပါဝင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံက ပေးတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်တဲ့ အထူးရန်ပုံငွေကနေ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃၅) သန်းတန်ဖိုးရှိတဲ့ စီမံကိန်း (၁၁၈) ခုကို ရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သဘောတူစာချုပ် လက်မှတ်ထိုးအခမ်းအနားကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် ( Mr. Chen Hai) တို့အပြင် စစ်ကောင်စီ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး ဒီသဘောတူစာချုပ်ကို စစ်ကောင်စီနိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးလွင်ဦးနဲ့ တရုတ် သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီစာချုပ်ကို လက်မှတ်ရေးထိုးတာဟာ စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့ အရေးကြီးတဲ့လုပ်ဆောင်ချက်လို့ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ကနေ ဒီနေ့အထိ မြန်မာနိုင်ငံဟာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကနေ မဲခေါင်မြစ်နိုင်ငံတွေထဲမှာ ကူညီမှု အများဆုံးရတဲ့ နိုင်ငံဖြစ်တယ်လို့ တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

ဒီတစ်ကြိမ်လက်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်း ၁၂ ခုဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု စတဲ့ နယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူ့တွေ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပံ့ပေးပေးသွားမယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။