တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်များ ပြန်လည်ပြင်ဆင်ဖို့ လိုလား


2013.05.19

ယခင်စစ်အစိုးရ လက်ထက်က တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ်အားလုံးကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ဒီကနေ့တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ နေလည်ပိုင်းကကျင်းပတဲ့ ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီက ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရရဲ့ သုတေသနအရာရှိတွေ ဆွေးနွေးပွဲမှာ ၁၀ ပါတီ ခေါင်းဆောင်တွေက အခုလိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက သူတို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။

"နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ဖို့ဆိုတာ တန်းတူရည်တူ ဆက်ဆံရေးရှိဖို့လိုတယ်၊ နယ်စပ်ဒေသမှာနေနေတဲ့ လူမျိုးတွေကိုလည်း အေးချမ်းသာယာတဲ့ဒေသဖြစ်ဖို့လည်း နှစ်နိုင်ငံကကူညီမှဖြစ်မယ်၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆိုတာ ပါးစပ်နဲ့အော်လို့မရဘူး၊ လက်တွေ့လုပ်ပေးဖို့လိုတယ်လို့ ထောက်ပြပါတယ်၊ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ရင်လည်း နှစ် ၆ဝ ဆိုတာ ယခင်အစိုးရလက်ထက်မှာချုပ်ထားတဲ့ စာချုပ်တွေဖြစ်တယ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဆိုရင် ၃၅ နှစ်ထက် မပိုဘူး၊ ဒါကလည်း မြန်မာနိုင်ငံရဲ့ သားစဉ်မြေးဆက်သုံးစွဲဖို့ဆိုရင် ဒီနှစ်ပေါင်း ၆ဝ ဆိုတာက စစ်အစိုးရအောက်မှာ ချုပ်ထားတဲ့စာချုပ်တွေဖြစ်လို့ ပြန်လည်ချုပ်ဆိုသင့်တယ်ဆိုတာကို ကျနော်တို့အဆိုပြုထားတာရှိပါတယ်"

ယူနန်ပြည်နယ်အစိုးရရဲ့ သုတေသနဌာနမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာ ကွန်ကျင့်ရှန်း ကတော့

“ဒီနေ့နှစ်ဖက်ဆွေးနွေးမှုဟာ ပွင့်လင်းမှုရှိပြီး၊ ပါတီတွေဖက်က စိုးရိမ်မှုက နှစ်နိုင်ငံကြား အကောင်အထည်ဖေါ်နေတဲ့ စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှုမရှိမှာကို စိုးရိမ်နေကြတာပါ။  အခုဆွေးနွေးပွဲမှာ မိမိတို့ဖက်က အများကြီးလေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီလို လေ့လာချက်တွေကို ယူနန်ပြည်နယ်အစိုးရထံ တင်ပြသွားမယ်"လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ ဒီနေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မေလ ၂၀ ရက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။