မြန်မာသမ္မတ ဦးထင်ကျော် ကို တရုတ်သမ္မတ နိုင်ငံတော် အခမ်းအနားနဲ့ ကြို
2017.04.10

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၆ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို တရုတ်သမ္မတရှီကျင့်ပင်က ဒီကနေ့ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
အဲဒီနောက် သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တရုတ်ပြည်သူ့လွှတ်တော် ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သမ္မတဦးထင်ကျော်ဟာ ဒီနေ့ မနက်ပိုင်းကလည်း တရုတ် ဝန်ကြီးချုပ်လီကဲ့ကျင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ဟာ မနေ့ညနေပိုင်းက တရုတ်နိုင်ငံတော်ဧည့်ဂေဟာမှာ ကျင်းပတဲ့ "မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက်" လို့ အမည်ပေးထားတဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ပြီး အမှာစကားပြောခဲ့ပါတယ်။ ဒီစာအုပ်ဟာ သမ္မတဦးထင်ကျော်ရဲ့ ဖခင်ဖြစ်တဲ့ ကွယ်လွန်သူ ကဗျာဆရာ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ ပင်ကိုယ်ရေးနဲ့ဘာသာပြန် စာပေလက်ရာတွေကို စုစည်းထားတာဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။