အာဏာသိမ်းစစ်တပ်ကို ကူညီနေတဲ့သတင်း တရုတ်ပယ်ချ

2021.02.10
အာဏာသိမ်းစစ်တပ်ကို ကူညီနေတဲ့သတင်း တရုတ်ပယ်ချ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin။
Photo: RFA

မြန်မာအာဏာသိမ်းစစ်တပ်ကို ကူညီဖို့ တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေ စေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းတွေကို တရုတ်အစိုးရက ပယ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံက ပညာရှင်တွေ လေကြောင်းကနေ ရောက်လာနေတယ်လို့ဆိုတဲ့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ပဲ Facebook လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာပါ။ လေယာဉ်တွေဟာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်တွေနဲ့ ပင်လယ်စာနဲ့ ပို့ကုန်၊ သွင်းကုန်တွေသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်တာနက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ ကောလာဟလတွေသာဖြစ်ပြီး မယုံကြည်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်က အင်တာနက် ဆက်သွယ်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ အကူအညီပေးဖို့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ ပစ္စည်းကိရိယာတွေကို တရုတ်နိုင်ငံက ပေးပို့ထားကြောင်း လူမှုကွန်ရက်တွေမှာ သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းတွေထွက်ပေါ်နေတာ မမှန်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ သတင်းအတုတွေ၊ ကောလာဟလ ထွက်နေတာတွေဟာ မမှန်ကြောင်းနဲ့ အလွယ်တကူ မယုံကြဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကလည်း ဒီကနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ သက်ဆိုင်သူတွေ အားလုံး ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။