မြန်မာတိုက်လေယာဉ် ပစ်ချခဲ့ခြင်းမရှိဟု တရုတ်ပြောကြား
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာတိုက်လေယာဉ်ပျံတစင်း တရုတ်-မြန်မာနယ်ခြားဒေသမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်ပါဘူးလို့ မနေ့က ငြင်းဆိုလိုက် ပါတယ်။ တရုတ်အင်တာနက်မှာပျံ့နေတဲ့ သတင်းအရ အဲဒီမြန်မာတိုက်လေယာဉ်ဟာ မုံးကိုးဒေသမှာ တိုင်းရင်းသားတပ်ဖွဲ့တွေကို တိုက်ခိုက်နေစဉ် တရုတ်လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်သွားခဲ့ပြီးနောက် တရုတ်ဒုံးကျည် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
လေ့လာသူတချို့က တရုတ်ပြည်သူ့တပ်မတော် PLA အမြောက်တပ်က သူတို့လေပိုင်နက်ဝင်လာတဲ့ မြန်မာဂျက် တိုက်လေယာဉ်ကို သတိပေးပစ်ခတ်ခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာတိုက်လေယာဉ်က အဲဒီလို သတိပေးပစ်ခတ်တဲ့ ကျည်လမ်းကြောင်းထဲကို မတော်တဆ ဝင်ရောက်သွားခဲ့ရာမှာ ထိမှန်ပျက်ကျသွားတာဖြစ်ကြောင်း ပြောနေကြ ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒါဟာ စိတ်ကူးယဉ်ဇတ်လမ်းပဲလို့ ပြောပါတယ်။
ဒီအတောအတွင်း ကချင်သတင်းဌာန Kachinland က မြန်မာတိုက်လေယဉ်တစင်း နယ်စပ်မှာ တနင်္ဂနွေနေ့က ပျက်ကျကြောင်း၊ ဒါပေမဲ့ စက်ချို့ယွင်းလို့လား၊ ပစ်ချခံရတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရကြောင်း ပြောဆို တယ်လို့ မနေ့က ထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။