ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေကို ဆက်ကယ်တင်နေကြောင်း တရုတ်သံရုံးပြော
2025.02.08

နယ်စပ်ဖြတ်ကျော်လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၃၉ ဦးကို ဒီသီတင်းပတ် ကြာသာပတေးနေ့က ကယ်တင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရုတ်သံရုံးက ပြောပါတယ်။
ကယ်တင်ခံရပြီးဖြစ်တဲ့ တရုတ်နိုင်ငံသား ၃၉ ဦးကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးမေးမြန်းနေတယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ချုပ်က သူရဲ့ Wechat အကောင့်မှာ ပြောထားပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေဘောင်တွေအတွင်းကနေ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေးအတွက် ထိုင်းအစိုးရနဲ့ ထိထိရောက်ရောက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တရုတ်ကောင်စစ်ဝန်ရုံးက ပြောတဲ့အကြောင်း Global Time သတင်းက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံက လိမ်လည်မှုလုပ်ငန်းတွေဆီ ဖြားယောင်းခံရသူ ၆၁ ဦးကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ထိုင်း-မြန်မာ ဒုတိယတံတားအမှတ် ၂ ကနေ ထိုင်းအာဏာပိုင်တွေထံ ပြန်ပို့ပေးခဲ့တာပါ။
Bangkok Post သတင်းကဖော်ပြချက်အရ မြဝတီမြို့၊ ရွှေကုက္ကိုမြို့သစ်ကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ အဲဒီလူတွေထဲမှာ တရုတ်နိုင်ငံသား ၃၉ ယောက်၊ အိန္ဒိယနိုင်ငံသား ၁၃ ယောက်၊ အင်ဒိုနီးရှား ငါးယောက်၊ ကာဇတ်၊ အီသီယိုးပီးယား၊ ပါကစ္စတန်နဲ့ မလေးရှားနိုင်ငံသား တစ်ဦးစီပါဝင်ပါတယ်။