ထိုင်းနဲ့ တရုတ်က ခရီးသွားတွေ မြန်မာကို အများဆုံးလာ
2013.08.19
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဈေးကွက်မှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ အဓိက ပင်မအရင်းအမြစ်နိုင်ငံတွေ ဖြစ်တယ်လို့ နိုင်ငံတကာဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားအရေအတွက် တစ်သန်းဝန်းကျင်ရှိခဲ့ရာမှာ ထိုင်းနိုင်ငံက ၁၅.၉ %၊ တရုတ်နိုင်ငံက ၁၁.၉ % ပါဝင်ခဲ့တယ်လို့ Jones Lang LaSalle’s ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအုပ်စုက စာရင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ပြည်ဟာ မြန်မာနဲ့ နယ်စပ်တလျောက် ကာလကြာရှည် စီးပွားရေးအဆက်အသွယ်ရှိနေခဲ့ပြီး၊ မြန်မာနိုင်ငံက သစ်နဲ့ သတ္တုအပါအဝင် သဘာဝသယံဇာတတွေ ထုတ်ယူရေးအတွက် လမ်းတွေဖောက်လုပ်ထားကြောင်း၊ မြန်မာနိုင်ငံမှာ အခြေချပြီးဖြစ်နေတဲ့ တရုတ်ကုမ္ပဏီတွေအတွက် စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်ကို မကြာခဏသွားနေဖို့မလိုတဲ့အတွက် မြန်မာနိုင်ငံတွင်း လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားဦးရေက ထိုင်းခရီးသွားတွေထက် ပိုနည်းနေတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ရန်ကုန်နိုင်ငံတကာလေဆိပ်ကိုဝင်ရောက်သူ အာရှနိုင်ငံသားအရေအတွက် နှစ်သိန်းသုံးသောင်းငါးထောင်ကျော်ရှိပါတယ်။ မနှစ်က ပထမခြောက်လအတွင်း လာရောက်သူ အာရှနိုင်ငံသား တစ်သိန်းခြောက်သောင်းငါးထောင် ရှိခဲ့ပါတယ်။