တရုတ်အစိုးရ ကျောက်ဖြူဆိပ်ကမ်း အခွင့်ထူးလိုချင်
2017.05.06

တရုတ်အစိုးရက ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ အစုရှယ်ယာတွေကို ၈၅% အထိ ပိုင်ဆိုင်ခွင့်ရဖို့ မြန်မာအစိုးရကို အရေးဆိုနေတယ်လို့ သိရပါတယ်။
မြန်မာအစိုးရက တစ်ယောက်တစ်ဝက် ၅ဝ% စီဖက်စပ်လုပ်ကိုင်ကြဖို့ ပြီးခဲ့တဲ့ ၂ဝ၁၆ နှစ်ကုန်ပိုင်းမှာ ကမ်းလှမ်းခဲ့တာကို တရုတ်အစိုးရပိုင် CITIC အုပ်စုက လက်မခံဘူးလို့ အဲဒီညှိနှိုင်းပွဲမှာ ပါဝင်သူတွေထံက ကြားသိရကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။
တရုတ်အစိုးရဟာ သူ့ရဲ့စီးပွားရေးအတွက် ကျောက်ဖြူဆိပ်ကမ်းကို အထူးအခွင့်ထူးခံအနေနဲ့ သုံးစွဲလိုနေပြီး ဒီကိစ္စအတွက် မြန်မာအာဏာပိုင်တွေနဲ့ CITIC ကုမ္ပဏီကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ လာမယ့်အပတ် အတွင်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
တရုတ်ကုမ္ပဏီက တောင်းဆိုနေသလို ၈၅% ပိုင်ဆိုင်ခွင့်ရသွားမယ်ဆိုရင် အဲဒီ ရေနက်ဆိပ်ကမ်းကို တရုတ် အစိုးရက စိတ်တိုင်းကျချယ်လှယ်အသုံးချခွင့် ရရှိသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ မြန်မာ အစိုးရမှာလည်း တခြားရွေးချယ်စရာ နည်းလမ်းက သိပ်မရှိဘူးလို့ အစိုးရအသိုင်းအဝန်းနဲ့ နီစပ်သူတစ်ဦး ကပြောဆိုကြောင်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
တရုတ်အစိုးရက ဒေါ်လာ သန်းပေါင်း ၃၆ဝဝ တန် မြစ်ဆုံရေကာတာစီမံကိန်းကို စွန့်လွတ်ဖို့အတွက် တခြားအရေးပါတဲ့ စီးပွားရေးအခွင့်အလမ်းတွေ မြန်မာအစိုးရထံက လိုချင်နေတယ်လို့ အရင်လက သတင်းထွက်ခဲ့ပြီးဖြစ်ပါတယ်။