အိမ်နီးချင်းတွေကို တရုတ်က ဒေါ်လာကုဋေ တစ်ထောင်ကျော် ပေးမယ်


2014.12.20

တရုတ်အစိုးရက အိမ်နီးချင်း မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေ တိုးတက်ဖွံ့ဖြိုးရေး အတွက် ချေးငွေနဲ့ ထောက်ပံ့ ကူညီငွေအဖြစ် ($11.5Billion) အမေရိ ကန်ဒေါ်လာ ကုဋေတစ်ထောင်ကျော် ပေးမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ GMS ခေါ် မဟာမဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ညီလာခံမှာ တရုတ်ဝန်ကြီးချုပ် လီကောင်ကျန်းက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီငွေတွေအနက် ဒေါ်လာ သန်း ၁ဝဝဝ က အခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့မှာဖြစ်ပြီး၊ သန်း ၄၉ဝ က ဆင်းရဲမွဲတေမှုလျှော့နည်းရေး အကူအညီဖြစ်ကြောင်းနဲ့ ဒေါ်လာကုဋေ တစ်ထောင်ကတော့ ကုန်ထုတ်စွမ်းအား အပြည့်အဝအသုံးချရေးဆိုင်ရာ အထူးချေးငွေဖြစ်တယ်လို့  တရုတ်ဝန်ကြီးချုပ် ကပြောပါတယ်။ ဒါ့အပြင် မဲခေါင်မြစ်ကြောင်းတလျှောက် ရေသွားရေလာကောင်းမွန်အောင်ပြုပြင်ရေးနဲ့ သဘာဝအန္တရာယ်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် မြုပ်နှံသုံးစွဲမှာဖြစ်ကြောင်းလည်း သူကကတိပြုလိုက်ပါတယ်။ တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း ရေကာတာတွေ တည်ဆောက်မှုကြောင့်  ရေလျှံပျက်စီးမှုတွေဖြစ်ရတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက အစဉ်တစိုက် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

တရုတ်ဝန်ကြီးချုပ်က အခုလို အကူအညီတွေပေးတာဟာ အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးအတွက် ကြိုးပမ်းမှုဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။