စစ်အုပ်စုကို မထောက်ခံဖို့ တရုတ်အစိုးရကို နိုင်ငံတကာရောက် မြန်မာတွေစာပို့

2022.05.21
စစ်အုပ်စုကို မထောက်ခံဖို့ တရုတ်အစိုးရကို နိုင်ငံတကာရောက် မြန်မာတွေစာပို့ ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ဂျပန်နိုင်ငံရောက် မြန်မာတွေ၊ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြစဉ်
Photo-Thant Zaw Htet

စစ်အုပ်စုကို အကူအညီတွေ၊ အကာအကွယ်ပေးမှုတွေနဲ့ အလေးပေးမှုတွေလုပ်ဆောင်နေတာကို ရပ်တန့်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့လိုအပ်ကြောင်း နိုင်ငံပေါင်း ၉ နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးတွေကို နိုင်ငံတကာရောက် မြန်မာတွေ မနေ့ကစာပေးပို့ခဲ့ကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ နီးနီးကပ်ကပ်ဆက်ဆံနေဦးမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အမုန်းတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို တရုတ်အစိုးရကိုသိစေချင်တာဖြစ်တယ်လို့ ဒီလှုပ်ရှားမှု ပါဝင်တဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ကိုသန့်ဇော်ထက်က ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ မပြတ်သားမှုတွေဟာ နောက်ပိုင်းကျတော့ သူ့အကျိုးစီးပွားကိုကြည့်ပြီးတော့ စစ်အုပ်စုကို အလေးသာစေတဲ့ ဆက်ဆံရေး ပိုရှိလာတယ်ဆိုတာ တဖြည်းဖြည်းနဲ့ တွေ့လာရတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ လုံးဝလက်မခံနိုင်ဘူးဆိုတာရယ်၊ ဆက်လက်ပြီးတော့ စစ်အုပ်စုနဲ့ နီးကပ်စွာ ဆက်ဆံနေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အမုန်းကိုရင်ဆိုင်ရမယ်ဆိုတာကို တရုတ်အစိုးရကို သိစေချင်လို့ ဒီလှုပ်ရှားမှုကို အကောင်အထည်ဖော်တာ ဖြစ်တယ်။”

280946031_538111677848865_5857434528262677664_n.jpg
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ဂျပန်နိုင်ငံရောက် မြန်မာတွေ၊ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကို အိတ်ဖွင့်ပေးစာသွားရောက်ပို့ဆောင်ခဲ့စဉ်။ Photo:Thant Zaw Htet

တရုတ်နိုင်ငံနည်းတူဂျပန်အစိုးရရဲ့ မပြတ်သားတဲ့ရပ်တည်ချက်တွေကို မြင်တွေ့ရတဲ့အတွက် ဂျပန်အစိုးရ အနေနဲ့လည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဖို့လိုအပ်ကြောင်း ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စု ဖြုတ်ချရေးမှာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး ပြန်လည်တည်ငြိမ်သွားမယ်ပြီး ဒါဟာတရုတ်အစိုးရအတွက် ပထမဆုံးရမယ့် အကျိုးအမြတ်ဖြစ်တယ်လို့ ပေးပို့တဲ့စာမှာ ထည့်သွင်းရေးသားထားပါတယ်။

၁၉၆ဝခုနှစ် တရုတ်မုန်းတီးရေး ဝါဒဖြန့်လှုပ်ရှားမှုဟာ မြန်မာစစ်အုပ်စုရဲ့ သွေးထိုးလှုံ့ဆော်ပေးခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး ဒါကိုတရုတ်အစိုးရအနေနဲ့ မမေ့ဖို့ သတိပေးထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ကိုရီးယား၊ ပြင်သစ်၊ နယ်သာလန်၊ နော်ဝေ၊ ဂျပန်နဲ့ ကနေဒါစတဲ့ နိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေကို မေလ ၂ဝ ရက်နေ့က ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Yan naung soe
2022-05-22 02:18

Thank you အလိုမတူတဲ့ နေရာမှာ ရဲရဲတောက် ခုလိုလုပ်သွား ကျေးဇူးပါလို့ Nat Soe ပေးနိုင်တဲ့အကူညီလေးပဲပေးခဲ့ပါတယ်!