ချင်းတွင်းမြစ်ရေမှာ ခဲဓါတ် မပါပေမယ့် သောက်သုံးဖို့ မသင့်


2016.09.29
black-water-620.jpg ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာကြောင့် နန့်စလိန်ချောင်းဘက် သွားရောက်စစ်ဆေးနေစဉ်
Photo : Ohnmar Myint Ncea's Facebook

ချင်းတွင်းမြစ်ထဲစီးဝင်ခဲ့တဲ့ ရေမဲမှာ ခဲပါဝင်မှုလုံးဝမရှိဘဲ ဂရဖိုက် (Graphite) ဆိုတဲ့ ကာဗွန်ဓာတ်တစ်မျိုး ပါဝင်တာဖြစ်ပြီး လူတွေအတွက် အန္တရာယ်မရှိဘူးလို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဂရဖိုက်ဓာတ်ဟာ ခဲဓာတ်နဲ့ ဆင်တူပြီး မီးလောင်တာကို အားပေးတာနဲ့ အားမပေးတာပဲကွာတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ဥမ္မာမြင့် က ပြောပါတယ်။

"ခဲလုံးဝမရှိဘူး၊ ကာဗွန်အမျိုးအစားထဲမှာပါတဲ့ ဂရဖိုက် (Graphite) အမှုန်တွေကြောင့်ဖြစ်တယ်ဆိုတာ ရှင်းသွားပြီ၊ အန္တရာယ်လုံးဝမရှိဘူး၊ အဲလိုမျိုးတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားတယ်၊ သူက အရမ်းပျော့ပြီးတော့မှ လျှပ်စစ်စီးကူးအားကောင်းတဲ့အတွက် Battery တွေထဲမှာ သုံးတယ်၊ Battery မှာသုံးတာက Lead ကိုပဲ သုံးတာများတယ်လေ၊ သူတို့နှစ်ခုက ဂုဏ်သတ္တိချင်းတူတယ်၊ တစ်ခုပဲ ကွာတယ်၊ သူက မီးလောင်တာကို အားမပေးဘူး ဂရဖိုက် (Graphite) က"

အဲဒီ ဂရဖိုက်ကို ခဲတံပြုလုပ်ရာမှာ ခဲဆံအနေနဲ့ အများဆုံး အသုံးပြုကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ရေမဲတွေစတင်ဖြစ်ပေါ်တဲ့ နန့်စလိန်ချောင်းဘက်မှာ ရေမဲတွေ စီးဆင်းနေဆဲဖြစ်တာကြောင့် အဲဒီရေတွေကို သောက်သုံးဖို့ မသင့်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီနှစ်မိုးအကုန် လာမယ့် အောက်တိုဘာလလောက်မှာ ဂရဖိုက်ကြောတွေ တွေ့ရှိခဲ့တဲ့ စာရာမေတိ တောင်ခြေကို ပညာရှင်တွေနဲ့ ထပ်မံသွားရောက်ပြီး ဂရဖိုက် Graphite တွေ ချောင်းရေထဲကို မကျအောင် တားဆီးနိုင်မယ့်နည်း လမ်းတွေကို ရှာဖွေသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်မှာ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေဘက်က ချင်းတွင်းမြစ်ရေမှာ ရေမဲတွေ စီးဆင်းနေတာကို စတင်သတိထားမိခဲ့တာဖြစ်ပြီး အခုလို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။