ခန္တီးမှာ ချင်းတွင်းမြစ်ရေ လျှံတက်နိုင်
2015.08.23

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ မနေ့ကစတင်ပြီး မိုးရွာသွန်းနေတာကြောင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာနိုင်တာမို့ မြစ်ကမ်းအနီးနေထိုင် ကြသူတွေ ပြောင်းရွှေ့ကြဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ွက လိုက်လံ သတိပေးနှိုးဆော်ထားပါတယ်။
မြစ်ရေလျှံလာတဲ့အခါ ဖြစ်လာနိုင်မယ့် အခြေအနေတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထား ပြီးဖြစ်တယ်လို့ ခန္တီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောပါတယ်။
"ကြိုပြီးတော့ သတိပေးထားတာ၊ မိုးတွေကရွာတော့ ရေတက်လာမှာစိုးလို့ပေါ့ဗျာ၊ အကုန်လုံးကတော့ စုဖွဲ့ပြီးသားပါ၊ ကယ်ဆယ်ရေးအဖွဲ့တို့၊ ရိက္ခာတို့ အကုန်လုံးလှည့်ပတ်ကြည့်ပေးနေတာပေါ့ဗျာ၊ ကြိုတင်ပြီးသတိပေးထားတာပေါ့၊ ကမ်းနားနေတဲ့သူတွေ၊ ဘာညာသတိထားပြီးနေကြဖို့၊ ကယ်ဆယ်ရေး ကတော့မလုပ်ရသေးဘူး"
ဒီနေ့မနက်ပိုင်းအထိ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ရောက်ရှိဖို့ လေးပေခန့် လိုနေသေးတယ်လို့ သိရပါတယ်။
ဒါ့ပေမယ့် ခန္တီးနဲ့ဟုမ္မလင်းမြို့အနီးက အင်းရေလျှံနေတာကြောင့် ခန္တီးမြို့ထဲက နေရာတချို့မှာ မနေ့ညပိုင်းကစပြီး ရေတွေ ဝင်ရောက်နေပြီလို့ ခန္တီးမြို့ ဒေသခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။
"မနေ့ကညနေပိုင်းလောက် ရေကစဝင်လာတယ်၊ မိုးကအဆက်မပြတ်အခုထိရွာတုန်း၊ ရေလွတ်တဲ့နေရာတွေ ကိုပြောင်းဖို့ ရပ်ကွက်တွေက ၄၊ ၅ ရပ်ကွက်လောက်ပေါ့၊ ခန္တီးနဲ့ မျက်စောင်းထိုးပေါ့၊ အဲ့နေရာတွေဆိုဝင်နေပြီ၊ လယ်ကွင်းတွေဘာတွေတော့ စဝင်လာပြီ၊ ခြေသလုံးလောက်တော့ရောက်နေပြီ၊ အင်းစပ်ကနေဝင်တာ၊ ချင်းတွင်းမြစ် ကနေတော့မဝင်သေးဘူး၊ ဈေးဆိုရင် ကျနော်တို့ ခြေသလုံးတစ်ဝက်လောက် ရောက်နေပြီ"
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ချင်းတွင်းမြစ်ရေမြှင့်တက်မှုကြောင့် ခန္တီးနဲ့ဟုမ္မလင်းမြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေ မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုတ်သုံလေအားကောင်းနေတာကြောင့် သြဂုတ်လ ၂၂ ရက်ကနေ ၃၀ ရက်နေ့အထိ တပြည်လုံးမှာ နေရာတော်တော် များများ မိုးကောင်းနိုင်တဲ့အနေအထား ရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေက ကျေးရွာအတော်များများမှာ လုံလောက်တဲ့ အကူအညီတွေ မရရှိကြသေးဘူး လို့ ရေဘေးသင့်ဒေသခံတွေက ပြောကြ ပါတယ်။
RFA သတင်းထောက် ကိုမင်းသိန်းအောင် ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ပေးပို့ပြီး မခင်ပြည့်စုံ က တင်ပြထားပါတယ်။