တရုတ် ရုပ်ရှင်သရုပ်ဆောင် ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းကို လာရောက်အားပေး
2011.04.02

UNHCR/K.McKinsey
ဒုက္ခသည်တွေအဖြစ် ရောက်နေရပေမယ့် သူတို့ရဲ့ဂုဏ်နဲ့ ကျက်သရေကို ထိန်းသိမ်းထားတာကို တွေ့မြင်ရတဲ့အတွက် အထူး စာနာမိပါတယ်လို့ မယ်လ ဒုက္ခသည်စခန်းမှာ နှစ်ရက်ကြာ လာရောက် နေထိုင်ခဲ့တဲ့ တရုတ် ရုပ်ရှင်မင်းသမီးက ပြောပါတယ်။
တရုတ်မင်းသမီး Yao Chen ဟာ UNHCR ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် နာယက အဖွဲ့ဝင်တဦး ဖြစ်ပြီး သူကိုယ်တိုင် ရေးသားတဲ့ နေ့စဉ် အင်တာနက်ဘလော့ဂ်ကို ပရိသတ် ၇ သန်းကျော်က အမြဲတမ်း ဂရုတစိုက် ဖတ်ရှုကြတယ်လို့ တရုတ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။
မယ်လ ဒုက္ခစခန်းကို လာရောက်တာဟာ အခု ပထမဆုံးအကြိမ် ဖြစ်ပြီး မြန်မာ ဒုက္ခသည်တွေရဲ့ နေ့စဉ် ဘဝအကြောင်း သူတွေ့သမျှကို သတင်းစကား၊ ဓာတ်ပုံ၊ ဗီဒီယိုတွေက တဆင့် ပရိသတ်ဆီ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။