မြန်မာ့မြေပေါ်စည်းရိုးမခတ်ကြောင်း တရုတ်သံရုံးဖြေရှင်း

2021.11.01
မြန်မာ့မြေပေါ်စည်းရိုးမခတ်ကြောင်း တရုတ်သံရုံးဖြေရှင်း
Photo: Mai Nyi Win Mg

တရုတ် - မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံနေတာတွေဟာ နယ်စပ်စီမံခန့်ခွဲမှုကောင်း အောင်လုပ်ဆောင်တာသာဖြစ်ပြီး မြန်မာပိုင်နက်ထဲကို ဝင်ရောက်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက RFA ကို ဒီကနေ့မှာ အီးမေးလ်နဲ့ အကြောင်းပြန်ပါတယ်။

ဒီကိစ္စအတွက် တရုတ်နဲ့ မြန်မာနိုင်ငံ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နေပြီး သတင်းမီဒီယာတွေ ဘက်ကလည်း ဓမ္မဓိဌာန်ကျကျဖော်ပြပေးဖို့ လိုအပ်တယ်လို့လည်း တရုတ်သံရုံးရဲ့ တုံ့ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်ထွန်းကတော့ နယ်စပ်မှာ တရုတ်ဘက်က ခြံစည်းရိုးတွေကာရံနေတာဟာ နိုင်ငံရေးကြောင့်မဟုတ်ဘဲ တရုတ်ဘက်က ကိုရိုနာကပ်ရောဂါကို ထိထိ ရောက်ရောက်ကာကွယ်နိုင်ဖို့ လုပ်ဆောင်တဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်မှာပါတဲ့အတိုင်း နယ်စပ်မျဉ်းရဲ့ ဆယ်မီတာမှာ အဆောက်အအုံ အခိုင်အမာ မဆောက်ရ ဆိုတဲ့အတိုင်း ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် နယ်ခြားကော်မတီတွေနဲ့ ဖြေရှင်းဆောင်ရွက်သွားလို့ရနိုင်တယ်လို့ တုံ့ပြန်ပါတယ်။

တရုတ် - မြန်မာနယ်နိမိတ်ဟာ မိုင်ပေါင်း ၁၃၇၀ နီးပါးရှည်လျားပြီး ရှမ်းပြည်နယ်အတွင်းမှာ မိုင်းလားဒေသ၊ ၀ဒေသ၊ ကိုးကန့်ဒေသ၊ မုံးကိုး၊ ကြူကုတ်ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ မန့်ဟီးရိုးစတဲ့မြို့နယ်တွေနဲ့ ထိစပ်နေ သလို ကချင်ပြည်နယ်ထဲမှာလည်း လွယ်ကျယ်၊ ကန်ပိုက်တီး၊ ဝိုင်းမော်မြို့အပါအဝင် KIA ထိန်းချုပ်နယ်မြေ တွေနဲ့ ထိဆက်နေတာပါ။

တရုတ်နိုင်ဟာ အခုနှစ်ဆန်းပိုင်းကစပြီး ကိုဗစ် - ၁၉ ကပ်ရောဂါကို အကြောင်းပြကာ နေရာအလိုက် ခြံစည်းရိုး တွေ လိုက်လံကာရံနေတာဖြစ်ပြီး နယ်စပ်က ရွာချင်းဆက်တဲ့နေရာတွေမှာ မြန်မာပိုင်နက်ဘက်ကို ကျော်လွန် ကာ ခြံစည်းရိုးတွေ ကာရံမှုတွေရှိနေတာကြောင့် နယ်စပ်မှာနေထိုင်တဲ့ဒေသခံတွေနဲ့ တရုတ်အာဏာပိုင်တွေ အကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုတွေဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။