သင်္ဃန်းကျွန်းမှာ စုပြုံနေထိုင်တဲ့ တရုတ်နိုင်ငံသား အများအပြားကို စစ်ဆေးနေ
2020.03.22
သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်ကို ရောက်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ဟာ Fresh Wave Business Service ကုမ္ပဏီနဲ့ One by One ကုမ္ပဏီတွေက ဝန်ထမ်းတွေ ဖြစ်ပါတယ်။
နိုင်ငံတွင်းကို တရားဝင် ဝင်ရောက်လာပေမယ့် အိမ်ငှားရမ်းနေထိုင်ခွင့် တင်မထားတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် အိမ်ရှင်ကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဒီကနေ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူစုလူဝေးရှောင်ဖို့ အာဏာပိုင်တွေ တိုက်တွန်းထားချိန်မှာ အခုလို လူအများအပြား စုပြုံပြီး နေထိုင်တဲ့ ဖြစ်ရပ်က အများ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးမှာ တရားဝင်မှတ်ပုံတင်ထားတာ မရှိရင် သူတို့အားလုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ၁၄ ရက်စောင့်မကြည့်ဘဲ ပြည်နှင်ဒဏ်ပေးမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
အဲဒီတရုတ်နိုင်ငံသား ၁၁၈ ယောက်ဟာ ယူနန်ပြည်နယ်ကနေ မတ်လ ၁၂ ရက်နေ့နဲ့ မတ်လ ၂၀ ရက်နေ့အတွင်းမှာ နယ်စပ်ဖြတ် ဝင်ရောက်လာတာလို့ ဦးမောင်မောင်ဦးက ပြောပါတယ်။
သူတို့ လုပ်ကိုင်တဲ့ ကုမ္ပဏီ နှစ်ခုဟာ ကွန်ပျူတာပရိုဂရမ်ရေးဆွဲခြင်းနဲ့ အွန်လိုင်းဈေးရောင်း၊ ဈေးဝယ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြတာဖြစ်တယ်။ စစ်ဆေးချိန်မှာတော့ နှင်းဆီနီလမ်းအိမ်မှာ တရုတ်နိုင်ငံသား ၆၄ ယောက်နဲ့ ပန်းဝါလမ်းမှာ ၅၄ ယောက် စစ်ဆေးတွေ့ရှိခဲ့ပြီး အိမ်ရှင် ဒေါ်နုနုဆွေက ကုမ္ပဏီကို ငှားရမ်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
မနေ့က သွားရောက်စစ်ဆေးချိန်မှာ ပါဝင်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက အဲ့ဒီအိမ်မှာနေတဲ့ တရုတ်နိုင်ငံသား အားလုံးဟာ နေထိုင်ခွင့်ဗီဇာတွေ အားလုံးရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံ ၁၆ နိုင်ငံက လာတဲ့သူတွေကို ၁၄ ရက် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကြည့်ရှု့သွားမှာဖြစ်ပြီး သံတမန်တွေကလွဲပြီး ကျန်တခြားသူတွေက သီးသန့် သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်မှုခံယူရမှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနက တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ညွှန်ကြားထားပြီး မနေ့က စစ်ဆေးတွေ့ရှိတဲ့ တရုတ် နိုင်ငံသားတွေကို သူတို့ငှားနေတဲ့အိမ်တွေမှာပဲ ၁၄ ရက်ကြာ စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ကိုရိုနာကူးစက်ခံရမှုများနေတဲ့ နိုင်ငံတွေက လာသူတွေကို စောင့်ကြည့်ဖို့ အစိုးရက စီစဉ်ထားပါတယ်။
ရန်ကုန်တိုင်းမှာတော့ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာ အမျိုးသမီးနဲ့ကလေးဆေးရုံ၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ကွင်းဆင်းသင်တန်းကျောင်းနဲ့ သိမ်ဖြူအားကစားရုံတွေမှာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။