မြဝတီမှာ ဥပဒေမဲ့နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို စာရင်းပြုစုဖို့ ကော်မတီဖွဲ့
2019.09.16

မြဝတီမြို့ကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ကာစီနိုလောင်းကစားရုံတွေမှာ ပါဝင်ပတ်သက်တာ၊ တရုတ်စားသောက်ဆိုင်တွေ ပိုများလာတာ၊ မူးယစ်ရမ်းကားတာတွေ ရှိလာတာကြောင့် မြဝတီမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့တွေက မနေ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ပြီး မြဝတီအခြေစိုက် အရပ်ဘက် ကော်မတီ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
အဲဒီကော်မတီဟာ ဥပဒေမဲ့ နေထိုင်သူတွေကို စာရင်းပြုစုဖို့ အပါအဝင် အချက် ခြောက်ချက်ကို လုပ်ဆောင်သွားမယ်လို့ ကော်မတီမှာပါဝင်တဲ့ မြို့ခံ ကိုအညာသားက RFA ကို ပြောပါတယ်။
အိမ်တွေငှားပြီးတော့ တရုတ်စာတမ်းကပ် ဆိုင်တွေ အများကြီးတိုးပွားလာတယ်
"တရုတ်တွေ အဆမတန်များပြားလာတယ်၊ အိမ်တွေ ငှားပြီးတော့ တရုတ်စာတမ်းကပ် ဆိုင်တွေ အများကြီး တိုးပွားလာတယ်၊ ကားတွေမှာ တရုတ်စာတွေကပ်ပြီးတော့ စီးတဲ့ကားတွေ များလာတယ်၊ အဲဒါတွေကို မြို့ခံပြည်သူတွေက လက်မခံနိုင်ဘူး၊ အဲလိုကြောင့်မို့ အစည်းအဝေးထိုင်ကြတယ်၊ ကျနော်တို့ တောင်းဆိုချက် ငါးချက်နဲ့ ကော်မတီဖွဲ့စည်းဖို့ တစ်ခု၊ ခြောက်ခုကိုတစ်ပတ်အတွင်းမှာ အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်"
အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံခြားသားတွေကို တည်ဆဲဥပဒေနဲ့အညီ ဟိုတယ်တွေမှာသာ နေထိုင်ခွင့်ပြုဖို့၊ မြဝတီမြို့တွင်းမှာရှိတဲ့ တရုတ်စာတမ်းပါ ဆိုင်းဘုတ်တွေကို ဖြုတ်ချဖို့၊ တရုတ်နိုင်ငံသားတွေကို ပတ်စပို့ဗီဇာနဲ့ အလုပ်လုပ်ခွင့် ရှိ၊ မရှိ စီစစ်ပြီး ဥပဒေနဲ့အညီ အရေးယူပေးဖို့ စတဲ့အချက်တွေကို အစိုးရဆီ တင်ပြတောင်းဆိုနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ မြဝတီမြို့မှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေဟာ လက်နက်ကိုင်အဖွဲ့တချို့ အကာအကွယ်နဲ့ ဟိုတယ်တွေမှာ မတည်းခိုဘဲ ရပ်ကွက်တွေထဲ နေအိမ်တွေ ငှားရမ်းနေထိုင်တာ၊ လိုင်စင်မဲ့ကားတွေကို ကိုယ်တိုင်မောင်းနှင်တာ၊ ကာစီနို လောင်းကစားရုံတွေ ဖွင့်လှစ်တာနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
မြဝတီမြို့မှာ ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေရှိနေပေမယ့် သူတို့ကို တရားဝင် ဟုတ်၊ မဟုတ် စစ်ဆေးလို့မရဘဲ လက်နက်ကိုင်အဖွဲ့တချို့က ကာကွယ်ပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေက ဥပဒေရဲ့ အထက်ကို ရောက်နေကြောင်း မြဝတီမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင် က ပြောပါတယ်။
"ဥပဒေနဲ့ မညီဘူးဆိုတဲ့အပိုင်းမှာ သူတို့ရောက်ရှိလာတယ်ဆိုတာကို စစ်ဖို့ အခွင့်အလမ်း အပြည့်အဝရှိရမှာ၊ စစ်ဆေးဖို့ အခွင့်အလမ်း အပြည့်အဝလုံးဝမရှိဘူး၊ ဒေသခံတွေ စစ်ဖို့မဆိုထားနဲ့ လက်ရှိစစ်ဆေးပိုင်ခွင့်ရှိတဲ့ လဝကတို့၊ ရဲတပ်ဖွဲ့ သူတို့တွေတောင် ဝင်ရောက်စစ်ဆေးလို့ မရတဲ့အခါကျတော့ တည်ဆဲဥပဒေကို ကျော်လွန်နေတာထက် တည်ဆဲဥပဒေကို ကျင့်သုံးခွင့်ကို မရဘူးဖြစ်နေတာ"
နယ်ခြားစောင့်တပ်ကနေ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ မြို့ခံတွေရဲ့ ယူဆချက်နဲ့ ပတ်သက်ပြီး BGF နယ်ခြားစောင့်တပ်က နိုင်မောင်ဇော်ကို RFA က မေးမြန်းရာမှာတော့ - မြန်မာနိုင်ငံ တည်ဆဲဥပဒေတွေအပေါ် ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ အကာအကွယ်ပေးမထားဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
တရားမဝင် ဝင်ရောက်တာတွေ၊ မူးယစ်ရမ်းကားတာတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့အတူ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ဆက်ပြောပါတယ်။
တရားမဝင်သွားလာတာတွေ တရားဥပဒေနဲ့ မညီဘူးဆိုရင် လဝက က တရားစွဲပေါ့
"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်နဲ့ လဝက အဖွဲ့တွေ ရပ်မိရပ်ဖ အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး ညဘက်ဆိုရင် စစ်ဆေးတာတွေ၊ တရားမဝင်သွားလာတာတွေ တရားဥပဒေနဲ့ မညီဘူးဆိုရင် လဝက က တရားစွဲပေါ့၊ အစ်ကိုတို့က နောက်ကနေ ဝန်းရံပေးမယ်"
မြဝတီမြို့မှာရှိနေတဲ့ တရုတ်တွေဟာ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်တဲ့ တရုတ်တွေချည်းမဟုတ်ဘဲ တခြား နေရာပေါင်းစုံက ဝင်ရောက်လာပြီး မြဝတီမြို့မှာ အိမ်ငှားနေတဲ့ တရုတ်တွေလည်း ပါဝင်တယ်လို့ နိုင်မောင်ဇော်က ဆိုပါတယ်။
မြဝတီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က တရုတ်နိုင်ငံသားတွေ မူးယစ် သောင်းကျန်းတာကြောင့် မြဝတီမြို့ခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
မြဝတီမြို့ လှိုင်သစ်ဖုန်းဆိုင်ရှေ့မှာ မူးယစ်သောင်းကြမ်းပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့ တရုတ်နိုင်ငံသား ခုနှစ်ဦးထဲက ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နှစ်ဦးက လွတ်မြောက်နေဆဲဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လိ့ု မြဝတီခရိုင် ရဲတပ်ဖွ့ဲမှူး ဒုတိယ ရဲမှူးကြီး သက်လင်းဦး က ပြောပါတယ်။
"ဥပဒေနဲ့အညီပဲ ဆောင်ရွက်နေပါတယ်၊ ရှာဖွေဖမ်းဆီးတာတွေ ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ ညတွေမှာ တရားမဝင် နေထိုင်တဲ့လူတွေကို ရှာဖွေဖမ်းဆီးပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်"
ဥပဒေမဲ့နေထိုင်သူတွေကို စာရင်းပြုစုဖို့ ဖွဲ့စည်းထားတဲ့ မြဝတီအခြေစိုက် အရပ်ဘက် ကော်မတီအနေနဲ့ ဥပဒေနဲ့အညီ တရားမဝင် ဝင်ရောက်လာသူတွေကို စစ်ဆေးပေးဖို့အပါအဝင် တောင်းဆိုချက်တွေကို တပတ်အတွင်းဖြေရှင်းပေးဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်တွေထံ စားရေးသားပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)