တရုတ်ချေးငွေတွေ အတိုးနှုန်းမြင့်လို့ သတိထားသုံးစွဲဖို့ စာရင်းစစ်ချုပ်ပြော

သက်စုအောင်
2020.06.08
u-maw-than-622.jpg ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကို ၂၀၂၀ ဇွန် ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Thet Su Aung / RFA

ဝန်ကြီးဌာနတွေအနေနဲ့ ပြည်ပချေးငွေနဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ တရုတ်နိုင်ငံလို အတိုးနှုန်းမြင့်တဲ့ ပြည်ပချေးငွေတွေကို သတိထားပြီး သုံးစွဲသင့်တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောလိုက်ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမော်သန်းက အခုလို ပြောလိုက်တာပါ။

ပြည်ပချေးငွေတွေ အလုံးအရင်းနဲ့ချေးပြီး လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ရင် ဒီချေးငွေတွေဟာ ဆင်းရဲတဲ့ မြန်မာနိုင်ငံအတွက် ဘယ်လောက် ဝန်ထိုးဝန်ပိုး ဖြစ်စေနိုင်သလဲဆိုပြီး သတင်းထောက်တစ်ဦးက မေးရာမှာ စာရင်းစစ်ချုပ် ဦးမော်သန်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားချေးငွေနဲ့ လုပ်တဲ့ ကိစ္စရပ်တွေဟာ အင်မတန်မှ တာဝန်ကြီးတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးအနေနဲ့ သတိထားရမယ့် ကိစ္စဖြစ်ပြီး၊ တရုတ်နိုင်ငံက ချေးငွေတွေဟာ ကမ္ဘာ့ဘဏ်တို့၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ထက် အတိုးနှုန်း အများကြီးမြင့်တဲ့အတွက် ဒီလို အတိုးနှုန်းမြှင့်တဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး သုံးစွဲတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ သတိပြု သုံးစွဲသင့်တယ်  ဦးမော်သန်းက ပြောပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လေးနှစ်မြောက်ကာလအတွင်း အစိုးရဝန်ကြီးဌာနတွေရဲ့ စီမံကိန်း  ၃၀ အတွက် စစ်ဆေးတွေ့ရှိထားတဲ့ အစီရင်ခံစာမှာ စီမံကိန်း Work Plan အရ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် အချက်တွေ ဆောင်ရွက်နေတာတွေ၊ တင်ဒါလုပ်ငန်းစဉ်တွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆောင်ရွက်နေတာ၊ ချေးငွေ ထုတ်ပေးတဲ့ အဖွဲ့အစည်းလမ်းညွှန်အတိုင်း ဆောင်ရွက်နိုင်မှု မရှိတာ၊ စာချုပ်ပါ စီမံကိန်းကာလတွေအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် စီမံကိန်းကာလ ပြီးဆုံးပေမယ့် ချေးငွေကို အပြည့်အ၀ မရယူနိုင်တာ၊ ချေးငွေသက်တမ်းကာလ ပြီးဆုံးပေမယ့် ချေးငွေရယူနိုင်မှု မရှိတာကြောင့် စီမံကိန်းကာလနဲ့အညီ ချေးငွေမရယူနိုင်တာ၊ စီမံကိန်း သက်တမ်းကာလတွေ တိုးမြှင့်နေရတာ၊ ချေးငွေ ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေထံကနေ ငွေထုတ်ယူလာပြီး သုံးစွဲနိုင်မှုမရှိတဲ့ ငွေတွေအတွက် အတိုးစရိတ်ကျခံ သုံးစွဲနေရတာတွေကို စစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ ပတ်သက်လို့ အစိုးရရဲ့ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့စဉ်မှာလည်း ပဲခူးတိုင်း အုတ်တွင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြည်ပကြွေးမြီစာရင်းအရ တရုတ် ချေးငွေက လက်ကျန် အများဆုံးဖြစ်နေပြီး အတိုးနှုန်းလည်း အများဆုံး ဖြစ်နေတဲ့အတွက် တရုတ်ချေးငွေ လက်ကျန်ကို အစောတလျင် ပြန်ဆပ်ဖို့  ဆွေးနွေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကုန် စာရင်းအရ ပြည်ပကြွေးမြီ စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်မှာ တရုတ်ကို ဆပ်ရမယ့် ချေးငွေက လေးဘီလျံ ရှိနေပြီး တရုတ်ချေးငွေ ပျမ်းမျှအတိုးနှုန်းက လေးရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အစိုးရဘတ်ဂျက် လိုငွေပြတာကို ဖြည့်ဖို့အတွက် ပြည်ပချေးငွေအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့  (IMF) ကနေ ဒေါ်လာ သန်းခုနှစ်ရာ၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးမွေးမြူးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်းနှစ်ရာ၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ဒေါ်လာ သန်း ၆၀၊ ကိုရိုနာကပ်ရောဂါလို ကူးစက်မြန်ရောဂါ ကုသရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀ ချေးယူရေးတို့ကိုလည်း  ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူမှုစီးပွား ထိခိုက်နစ်နာမှုတွေကို ကုစားဖို့အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (JICA) ကနေ ဂျပန်ယန်းငွေ ဘီလျံ ၃၀၊ အီလက်ထရောနစ် စနစ်နဲ့ လူဦးရေမှတ်ပုံတင်တဲ့ စီမံကိန်းအတွက် သြစတြေးလျနိုင်ငံကနေ ယူရို ၃၃ သန်း စတဲ့ နိုင်ငံတကာချေးငွေ ရှစ်ခု ချေးယူမယ့်ကိစ္စတွေကိုလည်း ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြု ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။