မြန်မာ့အရေး တရုတ်ရပ်တည်မှုကို NUG အသိအမှတ်ပြု
2023.01.22

မြန်မာပြည်သူတွေဆီ အာဏာပြန်အပ်နိုင်ရေး တရုတ်နိုင်ငံရဲ့ ရပ်တည်မှုကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၂ ရက် ထုတ်ပြန်တဲ့ တရုတ်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
နိုင်ငံတကာမျက်နှာစာ၊ အထူးသဖြင့် ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီမျက်နှာစာမှာ တရုတ်အစိုးရရဲ့ ရပ်တည်မှုကို မြန်မာပြည်သူတွေက အမြဲတမ်းသတိရနေလိမ့်မယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်နိုင်ခဲ့ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်အုပ်စုနဲ့အတူ မရပ်တည်ကြောင်းပြသလိုက်တာဟာ တရုတ်အနေနဲ့ အိမ်နီးချင်းကောင်း ပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ လာမယ့် (ယုန်နှစ်) နှစ်သစ်မှာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူတွေ အတွက် စစ်မှန်တဲ့ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစွာတည်ထောင်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပါစေလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန္ဒပြုခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီဘက်ရပ်တည်ပေးတဲ့မူဝါဒတွေဟာ အခုနောက်ပိုင်းမှာ ပြောင်းလဲလာနေပြီလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။