တာချီလိတ်မြို့ထဲ တရုတ်ရဲတွေဝင်ပြီး ငွေလိမ်ဂိုဏ်းတွေဖမ်းဆီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ထဲ တရုတ်ရဲတပ်ဖွဲ့တွေဝင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အများဆုံးရှိတဲ့ ရန်အောင်မြေ၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)နဲ့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွေထဲ အဓိကပစ်မှတ်ထားပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“တရုတ်ရဲတွေက ကျွန်တော်တို့မြို့ထဲကို ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက ရောက်လာတာ။ အဓိက အွန်လိုင်း ငွေလိမ်တဲ့ဂိုဏ်းတွေကို ဖမ်းဖို့လို့ သိရတယ်။ အဓိက ရပ်ကွက်သုံးခုပေါ့။ အဲဒီသုံးခုမှာပဲ အဓိက လုပ်ကြတာကိုး။ ဒီမှာက အွန်လိုင်းငွေလိမ်ဂိုဏ်း တော်တော်များတယ်။ မြို့ထဲကအိမ်တွေ သုံးဆယ်ရာခိုင်နှုန်းလောက်ကို ဒါတွေရှိနေတယ်။ ဝင်ဖမ်းတော့ ပြေးကုန်တာတွေရှိတယ်တဲ့။ သေချာတော့ မသိဘူး။ တရုတ်ရဲတွေကတော့ နှစ်နိုင်ငံနားလည်မှုနဲ့ ဝင်လာတယ်ထင်တာပဲ။”
တာချီလိတ်မြို့ထဲ ဝင်လာတဲ့ တရုတ်ရဲအင်အားနဲ့ ဖမ်းဆီးခံထားရသူအရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
နယ်စပ်ဖြတ်ပြီး တာချီလိတ်မြို့ထဲလာရောက်နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသားအများစုကတော့ တရားမဝင်နေနေတဲ့ တရုတ် နိုင်ငံသားတွေကို ဖမ်းပြီးနေရပ်ပြန်ပို့နေတဲ့သတင်းတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကတည်းက သူတို့နိုင်ငံဘက် ပြန်သွားကြပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဒီတစ်ခေါက် တရုတ်ရဲတွေ မြို့ထဲအထိဝင်လာတာဟာ လက်ကျန်တရုတ်နိုင်ငံသားတွေကို ဝင်ဖမ်းတာဖြစ်နိုင်တယ်လို့ နောက်ထပ်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နေပြီး၊ ဒီဇင်ဘာလ ၃ ရက် မနေ့ကတင် တရုတ်နိုင်ငံသား ၁၆၈ ယောက်ကို တရုတ်နိုင်ငံဘက် ပြန်ပို့လိုက်တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာကနေတစ်ဆင့် ပြောထားပါတယ်။
တာချီလိတ်ထဲ တရုတ်စစ်သားတွေဝင်ရောက်လာတာနဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေတွေကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဒီနှစ်အောက်တိုဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလ ၃ ရက် မနေ့ကအထိ တစ်လကျော်အတွင်း တရုတ်နိုင်ငံသား တစ်သောင်းတစ်ထောင်နီးပါး (၁၀၉၅၂ ဦး ) တရုတ်နိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။