တရုတ်စစ်ဖက်ထိပ်တန်းခေါင်းဆောင် မြန်မာနိုင်ငံကို ရောက်ရှိ

တရုတ်နိုင်ငံရဲ့ ဗဟို စစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ရွှီဟိုက်ဟိုဟာ မေလ ၁၂ ရက် ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

2011.05.12
xu_caihou_china_military_305_z.png တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဗဟို စစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ရွှီဟိုက်ဟို။ (Photo: AFP)
Photo: AFP

နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေကို ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒေသတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးလာတာကို အာဆီယံ ခေါင်းဆောင်တွေက စိုးရိမ်မကင်း ဖြစ်နေတဲ့ အချိန်မှာ မြန်မာနဲ့စစ်ရေးအရ ဆက်ဆံရေးကို တရုတ်အစိုးရဖက်က သိသိသာသာ တိုးမြှင့် လုပ်ဆောင်လာတာဟာ ထူးခြားတယ်လို့ တရုတ်-မြန်မာဆက်ဆံရေး စောင့်ကြည့် လေ့လာနေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“အဓိကကတော့ တရုတ်အစိုးရရဲ့ အရှေ့တောင်အာရှနဲ့ ဒီ အာရှမှာ ပိုပြီးတော့ ခြိမ်းခြောက်လာတယ်လို့ အာဆီယံနိုင်ငံတွေက ရှုမြင်သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ရဲ့ စီးပွားရေး၊ တရုတ်နိုင်ငံရဲ့ စစ်ရေး အဆမတန် တိုးချဲ့မှုဟာ ဒီဒေသတွင်း တည်ငြိမ်ရေးပေါ်မှာလည်း ဒီလို အင်အားချိန်ခွင်လျှာမှာ ပြဿနာ ရှိနိုင်တယ်လို့ ထင်ပါတယ်။”

“တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ ဒီ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက တရုတ်အစိုးရရဲ့ အဓိက မဟာဗျူဟာ ကျတဲ့ ဒီထောက်ပံ့ရေး လမ်းကြောင်းဖြစ်တဲ့အတွက်ကြောင့် ဒီပေါ်မှာလည်း တရုတ်အစိုးရအနေနဲ့ စစ်ရေးအရပေါ့၊ ဦးသိန်းစိန်ရဲ့ အစိုးရနဲ့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှလည်း သူ့ရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်နိုင်မဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဖက်က ကြည့်မယ်ဆိုရင် သူ့အနေနဲ့ တချက်ခုတ် သုံးချက်ပြတ်လောက် သူလုပ်နိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့် ဦးသိန်းစိန်ရဲ့ အစိုးရအပေါ်မှာ တော်တော်လေးကို လိုက်လျောနေတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ ရပါတယ်ခင်ဗျ။”

ဗဟို စစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ရွှီဟိုက်ဟိုရဲ့မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဦးသိန်းစိန် အစိုးရသစ် ဖွဲ့စည်းပြီးနောက် တရုတ်နိုင်ငံက အဆင့်မြင့် ထိပ်တန်း စစ်ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တဦး မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။