ကန်ပက်လက်က တံတားကိစ္စ ဆန္ဒပြမည်
2017.05.19

ချင်းပြည်နယ် ကန်ပက်လက်မြို့ ဘောင်ဘင်ကျေးရွာအုပ်စု ဆိုင်နန်ရွာ နဲ့ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာကို ဆက်သွယ်ထားတဲ့ ချီစုမ်းတံတားဟာ သတ်မှတ်ထားတဲ့ အရည်အသွေးမပြည့်မှီ တာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြပြီး မနက်ဖြန်မှာ ဆန္ဒပြဖို့စီစဉ်နေကြပါတယ်။
အဲဒီတံတားကို ကားဖြတ်လို့ရတဲ့အထိ သတ်မှတ်ထားပေမယ့် အခု ဆောက်ထားတဲ့ တံတားကတော့ ဆိုင်ကယ်ဖြတ်လို့တောင် အဆင်မပြေဘူးလို့ တံတားတည်ဆောက်ရေးစောင့်ကြည့်ရေး ကျေးရွာကော်မတီဝင် ဦးလိန်းဟုန်းက ပြောပါတယ်။
"နိုင်ငံတော်က ချမှတ်ပေးတဲ့ အတိုင်းတာကတော့ အလျှား ၂၆၇၊ အနံ ၁၀ ပေ၊ ကားကူးတံတား ဆိုပြီးတော့ နိုင်ငံတော်က ချမှတ်ပေးထားပါတယ်ခင်ဗျာ ၊ လက်ရှိလုပ်နေတဲ့ တံတားကတော့ အလျှား ၂၄၂ ပေ၊ အနံ ၇ ပေပဲ လုပ်ပေးပါတယ်ခင်ဗျာ၊ နိုင်ငံတော်က သတ်မှတ်ပေးတဲ့ အတိုင်းတာနဲ့ မကိုက်ညီတဲ့အတွက် ကျွန်တော်တို့ လုံးဝအသုံးပြုခြင်း မရှိပါဘူး။ ကျနော်တို့ အသုံးပြုမယ်ဆိုရင်လည်း လက်ရှိတံတားသည် လုံးဝ ဆိုင်ကယ်ကူးဖို့တောင် အဆင်မပြေတဲ့ တံတားဖြစ်ပါတယ်။ တအားရမ်း ပြီးတော့ ပုခက်လိုပုံစံမျိုးဖြစ်နေပါတယ်။ ကျနော်တို့ အသုံးပြုဖို့ အဆင်မပြေပါဘူး"
တံတားအတွက်နိုင်ငံတော်က ကျပ်သိန်းတစ်ထောင့်ခြောက်ဆယ်ကျော်ချပေးထားတာဖြစ်ပြီး ကားသွားလာလို့ ရအောင်ဆောက်ရမယ်လို့ ညွှန်ကြားချက်မှာပါကြောင်း ဒါပေမဲ့ ဆောက်ပြီးတဲ့အခါ ဆိုင်ကယ်တောင်သွားလို့ ခက်ခဲကြောင်း ပြောပါတယ်။
အဲဒီတံတားကို တည်ဆောက်ဖို့ တာဝန်ယူထားတဲ့ ဝိတိုရိယနန်းစံကုမ္ပဏီနဲ့ ကျေးလက်ဦးစီးမှူးတို့ကို မနက်ဖြန်မှာ ဆိုင်နန်ကျေးရွာဒေသခံတွေက ဆန္ဒပြကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်ရရှိပြီးမှ ချင်းပြည်နယ်အစိုးရဘက်ကနေ ဆန္ဒပြခွင့်ကို ၄၈ နာရီ ခေတ္တရပ်ဆိုင်းထားဖို့ အကြောင်းကြားလာတဲ့အတွက် ရပ်တန့်လိုက်တာဖြစ်ပါတယ်။
ချင်းပြည်နယ်က ဆိုင်နန်ရွာနဲ့ မကွေးတိုင်းဒေသကြီး ဆွဲလွဲကျင်းကျေးရွာကို ဆက်သွယ်ထားတဲ့ ချီစုမ်းတံတား ကို တွေ့ရစဉ်
မနက်ဖြန်မှာဆိုရင် အဲဒီချီစုမ်းတံတားကို အသုံးပြုမယ့် ကျေးရွာတွေဖြစ်တဲ့ ဆိုင်နန်၊ ဆေးကေး၊ စလင်းမင်းသား၊ ခန်နန်နဲ့ ပန်သာ စတဲ့ကျေးရွာက ဒေသခံ ၁၀၀ ကျော်လောက် ဆန္ဒပြမှာဖြစ်တယ်လို့ သိရပါတယ်။