မန္တလေးမြို့ ဖလမ်းနှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာတော် အဖမ်းခံရ

2021.09.17
မန္တလေးမြို့ ဖလမ်းနှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာတော် အဖမ်းခံရ မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် ဆရာ သျှန်လျှန်ဆန်းကို တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့မှာရှိတဲ့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် သိက္ခာတော်ရ ဆရာ သျှန်လျှန်ဆန်း (Thian Lian Sang ) ကို စက်တင်ဘာလ ၁၆ ရက် မနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက အင်အား ၂၀ ခန့်နဲ့ ၇၉ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းက နေအိမ်မှာ လာဖမ်းသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဆရာတော်ကိုင်တဲ့ လက်ကိုင်ဖုန်းအပါအဝင် မိသားစုတွေရဲ့ဖုန်း သုံးလုံးနဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သေဆုံး သွားတဲ့ ဆရာတော်ရဲ့ ဖခင်အတွက်ရရှိထားတဲ့ နာရေးထောက်ပံ့ငွေ သိန်း ၄၀ ကျပ်ကိုပါ သိမ်းယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“ဆရာတော်က နိုင်ငံရေးလည်းကင်းရှင်းသူပါ၊ ချင်းပြည်နယ်က နာမကျန်းတဲ့သူတွေနဲ့ ငွေကြေးခက်ခဲတဲ့ သူတွေကို ကူညီနေတဲ့သူပါ၊ အခုလိုဖမ်းလိုက်တော့ ကျန်တဲ့သူတွေပါ ဒုက္ခရောက်ရပါတယ်၊ နောက်ပြီး ဆရာတော်ကိုယ်တိုင်ကလည်း ကိုဗစ်ပျောက်ကင်းကာစ ဆေးဝါးသောက်နေရသူဖြစ်လို့ အခုသူနဲ့အတူ ဆေးတွေပါမသွားသလို ဘယ်မှာရောက်နေလဲဆိုတာလည်း မသိရတော့ စိတ်ပူနေရတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရသေးပါဘူး၊ အမြန်ဆုံး အမှန်ကန်ဆုံးနည်းလမ်းနဲ့ ပြန်လွှတ်ပေးစေချင် ပါတယ်” လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ဆရာတော်ရဲ့လက်ကိုင်ဖုန်း လျှို့ဝှက်နံပါတ်ကို စစ်ကောင်စီတပ်သားတွေက ညီမဖြစ်သူကို ဖွင့်ခိုင်းတာမှာ မသိဘူးဆိုတာကြောင့် မျက်မှန်ကျိုးအောင် ရိုက်သွားတယ်လို့လည်း မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ဆရာတော် သျှန်လျှန်ဆန်းကိုဖမ်းဆီးသွားပြီးတဲ့နောက် မိသားစုဝင်တွေကိုလည်း ဘယ်ကိုမှမသွားဖို့နဲ့ သူတို့ စောင့်ကြည့်နေကြောင်း စစ်ကောင်စီတပ်သားတွေက ပြောသွားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဆရာတော် သျှန်လျှန်ဆန်းကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။