ကိုဗစ်ကြောင့် ၇ လအတွင်း ချင်းခရစ်ယာန်အမှုတော်ဆောင် ၆၀ သေဆုံး

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မနေ့က ဇူလိုင်လ ၆ ရက်နေ့အထိ အချိန်ခုနစ်လ ကာလအတွင်းမှာ ချင်းခရစ်ယာန်အမှုတော်ဆောင် ၆၀ ဦး သေဆုံး ခဲ့ပါတယ်။
သေဆုံးသူတွေဟာ ချင်းလူမျိုး ခရစ်ယာန်အမှုတော်ဆောင် သိက္ခာတော်ရဆရာ၊ ကက်သလစ် ဘုန်းတော် ကြီးတွေ အပါအဝင် သင်းအုပ်ဆရာတော်တွေဖြစ်တယ်လို့ International Chin Christian Minister Fellowship (ICCMF)ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးခဲ့တာဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ သိက္ခာတော်ရဆရာ၊ သင်းအုပ်ဆရာနဲ့ ကက်သလစ်ဘုန်းတော်ကြီး ၄၈ ဦး၊ ဇူလိုင်လ ၁ ရက်ကနေ ၆ ရက်နေ့အထိ ၉ ဦးနဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီလတွေမှာတော့ တစ်ဦးစီ၊ စုစုပေါင်း အယောက် ၆၀ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ချင်းပြည်နယ်မှာလည်း တကျော့ပြန် ကိုဗစ်ကပ်ရောဂါ ပြန်လည်အဖြစ်များလာပြီး မနေ့ကအထိ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၁၅၀၀ ဝန်းကျင်ရှိနေပြီးတော့ သေဆုံးသူကလည်း ၇၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ဇွန်လကနေ ဇူလိုင်လအတွင်း လူပေါင်း ၅၀၀ ကျော်ရှိနေပြီး ဇူလိုင် ၆ ရက် မနေ့တစ်ရက်တည်းမှာတင် သေဆုံးသူ ၄၀ ဦးရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။