ကုလအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် ဒုတိယကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံ
2018.10.11

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အောက်တိုဘာလ ၁ဝ ရက်- မနေ့က နေပြည်တော်ကို ရောက်ရှိခဲ့ပြီး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ နေပြည်တော်မှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။
တတိယအကြိမ်လာရောက်တဲ့ Mrs. Burgener ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အရေးကိစ္စ အပါအဝင် လက်ရှိအခြေအနေတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကို အတည်ပြု ပြောဆိုပါတယ်။
တပတ်ကြာမယ့် ဒီခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ဖို့ စီစဉ်နေသလို၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမတယ်လို့ ပြောပါတယ်။
Mrs. Burgener ဟာ ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သွားရောက်နိုင်ဖို့ မျှော်လင့်ရပြီး ဒီအတွက်လည်း စီစဉ်နေပါတယ်လို့ ဦးချမ်းအေးက ပြောပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးဆက်သွယ်ရေးအရာရှိ Stanislav Saling ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိနေတဲ့အကြောင်း အတည်ပြုပြောဆိုခဲ့ပြီး၊ ဒီခရီးစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တယ်လို့ RFA ကို ပြောပါတယ်။
Mrs. Burgener ဟာ ၂ဝ၁၈ ဧပြီလ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။
ဒီခရီးစဉ်တွေအတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အဓိက ဆွေးနွေးခဲ့သလို၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုနေတဲ့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။