မင်းတပ်က ခရစ်ယာန်ဓမ္မဆရာတစ်ဦး CDF နဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်းခံရ

2021.12.13
မင်းတပ်က ခရစ်ယာန်ဓမ္မဆရာတစ်ဦး CDF နဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်းခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မင်းတပ်မြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက်မနေ့က ခရစ်ယာန် ဓမ္မဆရာတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ချင်းဒေသ ခုခံကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့ ဆောက်လုပ်ရေးလမ်းခွဲအနီး စစ်ဆေးရေးဂိတ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ အဖမ်း ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က သူ့ကို ဖမ်းခေါ်သွားတာကို တွေ့လိုက်တဲ့ မျက်မြင်သက်တွေရှိတယ်။ သူ့မိသားစုလည်း အဲလိုပဲ သိထားသေးတယ်။ ၂၇၄ တပ်ရင်းထဲမှာ ထားတယ်လို့ကြားတယ်။ အခုထိတော့ ဘာသတင်းမှ မကြားရ သေးဘူး"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင်ရွာက ခရစ်ယာန် ဓမ္မဆရာ ဆလိုင်းငွေကြာဟာ စေတုတ္တရာ အခြေစိုက် ကပစ (၂၀) တပ်က PDF လို့စွပ်စွဲပြီး ဖမ်းဆီးခံရပါတယ်။

ဒီဇင်ဘာလ ၉ ရက်မှာတော့ စစ်ကြောရေးကရရှိတဲ့ ဒဏ်ရာတွေကြောင့် မကွေးဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ချင်းပြည်နယ် မတူပီမြို့ ငလိုင်ကျေးရွာ ညီအကိုအသင်းတော်က ခရစ်ယာန်ဓမ္မဆရာ ဦးငိုင်ကုန်းဟာ စစ်တပ်က ဖမ်းဆီးတာခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်ဆိုတာ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။