အမ်းမြို့နယ်မှာ အတင်းအဓမ္မ ဗုဒ္ဓဘာသာ ကူးပြောင်းခိုင်းနေကြောင်း CHRO ထုတ်ပြန်
2019.06.12
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဒေကြောကျေးရွာမှာရှိတဲ့ ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ ခြိမ်းခြောက်လက်မှတ်ရေးထိုးခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက ပဒေကြောကျေးရွာမှာ ချင်းတိုင်းရင်းသား သုံးဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေက ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းကြောင်း လက်မှတ်ရေးထိုးဖို့၊ လက်မှတ်မရေးထိုးပါက ရွာကနေ မောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် လက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး CHRO အဖွဲ့က ဆလိုင်းတေရကို RFA က ဆက်သွယ်မေးမြန်းရာမှာ ခရစ်ယာန်ဘာသာဝင်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနဲ့ ဘုန်းတော်ကြီးက ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ လက်မှတ်ရေးထိုးခိုင်းတာဖြစ်ကြောင်း ပြောပါတယ်။ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကလည်း ခရစ်ယာန်ဘာသာဝင်တွေကို ဖိအားပေး ဘာသာပြောင်းခိုင်းတာတွေရှိကြောင်း RFA ကို ပြောပါတယ်။
ဒီလိုလက်မှတ်ရေးထိုးပြီးနောက်ပိုင်း အမ်းမြို့နယ် မွှားကျေးရွာအုပ်စုအောက်မှာရှိတဲ့ ကျေးရွာ ရှစ်ရွာက ခရစ်ယာန်ဘာသာဝင်တွေ နေအိမ်တွေကို ဝင်ထွက်သွားလာနေတွေ လာမလုပ်ဖို့၊ ဈေးရောင်းတာတွေ မလုပ်ဖို့၊ လိုက်နာမှုမရှိရင် ဒဏ်ငွေ တစ်သိန်းပေးရမယ်လို့ အသံချဲ့စက်တွေနဲ့ အော်တာတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအထဲက တစ်ဦးဟာ ခရစ်ယာန်ဘာသာဝင်အိမ်ကို ဝင်ရောက်သွားလာတာကြောင့် နှစ်ဦးစလုံးကို မွှားကျေးရွာအုပ်ချုပ်ရေးမှူးက ဒဏ်ငွေရိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို ပဒေကြောကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြောင်းရွှေ့ဖို့ လက်မှတ်ရေးထိုးခိုင်တာတွေဟာ ပြီးခဲ့တဲ့ နှစ်တုန်းက သုံးကြိမ်ရှိခဲ့ပြီး အခြားကျေးရွာတွေကို ရွှေ့ပြောင်းသွားတဲ့လူတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာဝင်တွေက နည်းမျိူးစုံနဲ့ မတရားပြုလုပ်တာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေကို အာဏာပိုင်တွေကို အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရေးယူတာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပဒေကြောကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ခရစ်ယာန်ဘာသာဝင်အိမ် ၁၁ အိမ်ပဲရှိတောပြီး အများစု ဗုဒ္ဓဘာသာဝင်တွေက ကိုယ်ထိလက်ရောက်နှောက်ယှက်တာတွေ၊ ကန့်သတ်ချုပ်ချယ်တာတွေ၊ ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ချင်းလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFAက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဖုန်းပိတ်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။