ပြည်သူဂုဏ်ရည်ဆု လဖိုင်နော်မိန်း ရရှိ
2012.05.27

ဆန်ခါတင်ဆု အမည်စာရင်း (၅) ဦးထဲက အင်တာနက်ကနေ ကောက်ခံရရှိတဲ့ ဆန္ဒမဲ စုစုပေါင်း ၅၀ ရာခိုင်နှုန်းကျော်နဲ့ ၂၀၁၂ ခုနှစ် ဆုရှင်အဖြစ် လဖိုင်နော်မိန်း ရွေးချယ်ခံရတာ ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက ပြောပါတယ်။
လဖိုင်နော်မိန်းဟာ လူမှုရေးလုပ်ငန်းတွေအပြင် Kachin land News သတင်းဌာနရဲ့ သတင်းထောက်ချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကို သွားရောက် သတင်းယူနေစဉ် မြန်မာစစ်တပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံ ထိမှန်တဲ့ဒဏ်ရာကြောင့် ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်ရှားနိုင်တော့ဘဲ ဒုက္ခိတဘ၀ ရောက်ခဲ့ရသူ ဖြစ်ပါတယ်။
အခမ်းအနားမှာ ၂၀၁၀ ပြည်သူ့ဂုဏ်ရည်ဆုရှင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းတွေမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေသူတွေကို အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ ရွေးချယ် ချီးမြှင့်တာကြောင့် ဂုဏ်ယူစရာကောင်းတဲ့ပွဲ ဖြစ်တယ်လို့လည်း ဦးကျော်သူက ဆိုပါတယ်။
ဒီနှစ်ထူးခြားချက်အဖြစ် ကချင်ပြည်နယ်မှာ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ နောက်တစ်ဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ မဆုမိုင်ကို အထူးဂုဏ်ပြုဆုနဲ့အတူ အမေရိကန်ဒေါ်လာငွေ တစ်ထောင် ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဒီဆုပေးပွဲ အခမ်းအနားကို တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပဖို့ လျာထားကြောင်း ကြေညာခဲ့ပါတယ်။
ပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုကူညီဖို့အတွက် ပြည်သူ့ဂုဏ်ရည် အသင်းကို ၂၀၀၉ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပူးပေါင်းပါဝင်လာကြတယ်လို့ ကိုထိန်လင်းက ပြောပါတယ်။