ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ (Bay Area) ကို အခြေပြုတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုတွေရဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြဖို့ ဆုရွေးချယ်ရေးကော်မတီက နှိုးဆော်လိုက်ပါတယ်။

2011.03.20
citizen_burma_award_poster_305_z အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ၂ဝ၁ဝ ခုနှစ် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု အထိမ်းအမှတ် ပိုစတာ ဖြစ်ပါသည်။ (Image from 2011.citizenofburma.org)
(Image from 2011.citizenofburma.org)

မြန်မာပြည်တွင်းမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် လုပ်ဆောင်နေသူ ဘယ်သူ့ကိုမဆို ပြည်တွင်းပြည်ပ မြန်မာတွေအနေနဲ့ ဒီဆုအတွက် အမည်စာရင်း တင်သွင်းကြဖို့ ဖိတ်ခေါ်ထားကြောင်း ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးကော်မတီ ပြောခွင့်ရသူ ကိုထိန်လင်းက ပြောပါတယ်။

“မြန်မာပြည်တွင်းမှာ လူမှုရေးကိစ္စတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ်နှစ်သက်တဲ့ လေးစားကြည်ညိုတဲ့လူ ဘယ်သူမဆိုကို တင်သွင်းလို့ ရပါတယ်။ အဆိုပြုလွှာ တင်သွင်းဖို့ ပြည်သူ့ဂုဏ်ရည် website မှာ ပုံစံရှိပါတယ်။ ပုံစံထဲမှာ ဖြည့်လိုက်ရုံပါပဲ”

ပြည်သူ့ဂုဏ်ရည်ဆု အင်တာနက်စာမျက်နှာဖြစ်တဲ့ http://2011.citizenofburma.org မှာ အမည်စာရင်း ပေးထားတဲ့ လူပုဂ္ဂိုလ်တွေထဲက ၅ ဦးကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေး အဖွဲ့ခွဲတွေက ပဏာမအနေနဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒီ ဆန်ကာတင် ၅ ဦးရဲ့ အမည်စာရင်းကို လာမယ့် မေလဆန်းအတွင်း အင်တာနက်ပေါ်မှာ ကြေညာထားမှာဖြစ်ပြီး နောက်ဆုံး ဆုရှင်တဦးကို အင်တာနက်မှာ မဲပေးတဲ့စနစ်နဲ့ စစ်တမ်းကောက်ယူ ရွေးချယ်မယ်လို့ သိရပါတယ်။

ဆုရှင် ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ ၂ဝ၁၁ ခုနှစ် မေလ ၁၅ ရက်နေ့ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်မယ့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြင့်ပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်မှာ စတင်ချီးမြင့်ခဲ့တာဖြစ်ပြီး ပထမဦးဆုံးဆုရှင်ကတော့ ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ၊ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဖြစ်ပါတယ်။ ကိုကျော်သူ ကို ဆုလက်မှတ်၊ အထိမ်းအမှတ် ဖန်သားဆုနဲ့ ငွေသား အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပြီး အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုလည်း အလားတူ ချီးမြှင့်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။