ပြည်ပရောက်နိုင်ငံသား နှစ်သောင်း နီးပါး မဲပေးဖို့ လျှောက်ထား


2015.08.28

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့အတွက် အစိုးရရဲ့ တာဝန်နဲ့ ပြည်ပရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေထဲက ၂ သောင်းနီးပါးဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ စာရင်းပေး ထားပါတယ်။

ကြိုတင်မဲပေးဖို့ လျှောက်ထားသူတွေကို မြို့နယ်အလိုက် မဲစာရင်းမှာ ပါ၊ မပါ ပြန်လည်စိစစ်ပြီး မဲလက်မှတ်တွေကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပြန်ပို့ပေးမှာဖြစ်တယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အခုမြို့နယ်တွေ အခုကွဲနေတာတွေ ၂၈ဝ ကျော်လောက်ဖြစ်နေပါပြီခင်ဗျ၊ ကျနော်တို့ဆီမှာကျတော့ တရားဝင်ရောက် မရောက် အဲ့ဒီစာရင်းက ကျနော်တို့ဆီမှာမရှိဘူး၊ သံရုံးတွေက စစ်ဆေးတာပေါ့နော်၊ အစိုးရခွင့်ပြုချက်နဲ့ ရောက်နေတဲ့သူတွေလည်း သူတို့ကဒီဘက်ကို ပတ်လွှတ်လိုက်တာခင်ဗျ၊ ပုံစံ ၁၅ ကို ကျနော်တို့ ရောက်တဲ့ပုံစံ ၁၅ အကုန်လုံးလုံးကို သက်ဆိုင်ရာမြို့နယ်အလိုက်ခွဲခြားပြီးတော့ ကျနော်တို့ ပြန်ပြီးတော့ပို့ရမှာပါခင်ဗျ၊ ကျနော်တို့က အဲ့ဒါပြီးသွားပြီဆိုရင် မဲလက်မှတ်ရိုက်ရမှာပေါ့နော်၊ ရိုက်ပြီးရင်မဲလက်မှတ်တွေကို ကျနော်တို့က အောက်တိုဘာ ၁ ရက်နေ့ စာအိတ်တွေထည့်ပြီး မဲလက်မှတ်တွေကို အရောက်ပို့မှာပါခင်ဗျ"

နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံရုံးတွေထံ မဲလက်မှတ်တွေ ပေးပို့မှာဖြစ်ပြီး သက်ဆိုင်ရာသံရုံးတွေမှာ ကြိုတင်မဲပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သံရုံးတွေက ရရှိတဲ့ ကြိုတင်မဲတွေကို လာမယ့်အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရမှာဖြစ်ပါတယ်။

အဲ့ဒီကြိုတင်မဲလက်မှတ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကတဆင့် မဲရုံအသီးသီး ကို နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲရုံပိတ်ချိန် ညနေ ၄ နာရီ မတိုင်ခင် နောက်ဆုံးထား ပေးပို့ရ မှာဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့စာရင်းမှာ မိမိတို့အစီအစဉ်နဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်နေသူတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေ မပါဘူးလို့လည်း သိရပါတယ်။

ကြိုတင်မဲပေးဖို့အတွက် လျှောက်ထားသူ နှစ်သောင်းနီးပါးထဲမှာ စင်ကာပူနိုင်ငံက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားဦးရေ ၂ သန်းနီးပါးရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။