စီးတီးတက္ကစီ မှတ်ပုံမတင်ထားတဲ့ ယာဉ်တွေကို အရေးယူမည်
2017.11.13
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်မထားတဲ့ ရန်ကုန်လိုင်စင်တက္ကစီတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ဖို့နဲ့ ပျက်ကွက်ရင် လာမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့ကစပြီး အရေးယူသွားမယ်လို့ YRTA က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့မှာ တက္ကစီအရေအတွက်များပြီး ယာဉ်ကြောကြပ်တည်းမှုတွေ ဖြစ်နေတာကြောင့် အခုလို ကြပ်မတ် ဆောင်ရွက်တာဖြစ်တယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။
"ရန်ကုန်မှာလမ်းမတွေမှာကြည့်လိုက်ရင် တက္ကစီတွေက လမ်းပေါ်မှာပြေးနေတဲ့ကားက ဆယ်စီးဆိုရင် တက္ကစီကအနည်းဆုံး ၆ စီးရှိတယ်၊ ရန်ကုန်မှာတက္ကစီက ဖောင်းပွနေတယ်၊ ဖောင်းပွပြီးတော့ နယ်ကားတွေရော၊ Without (လိုင်စင်မဲ့) တွေရောအများကြီးရောနေတာပေါ့နော်၊ ကျနော်တို့က ပထမဦးဆုံး ရန်ကုန်မှာလုပ်တဲ့ မှတ်ပုံတင်ထားတဲ့ဟာကို ပထမဦးဆုံး ကန့်လိုက်မှာပေါ့နော်၊ မတင်မနေရ မဟုတ်ဘူးဖြစ်နေတာပေါ့ ဟိုတုန်းကပေါ့နော်၊ အခုဟာက မတင်မနေရ တင်ကိုတင်ရမယ်၊ တင်ပြီးရင် ကျနော်တို့က နောက်တစ်ဆင့်ကြရင်တော့ တချို့ဆိုရင် နယ်ကလာတဲ့ တက္ကစီတွေရှိတယ်၊ တရားမဝင်တဲ့ တက္ကစီတွေရှိတယ်၊ အဲ့ဒါတွေကို တဖြေးဖြေး ကန့်သွားမှာပါ"
စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်ရင် ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတာကိုတော့ YRTA က အတိအကျ မထုတ်ပြန်နိုင်သေးဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မှာ ပြေးဆွဲနေတဲ့ နယ်လိုင်စင် တက္ကစီတွေကိုလည်း ညအိပ်ရပ်နားခွန် ကောက်ခံတာတွေ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်အစီးရေ ၅ သောင်းကျော် ရှိပြီး စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားတဲ့ စီးရေ နှစ်သောင်း ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။