အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့အောက် ပြောင်းမည်


2018.12.21
zawhtay-622.JPG နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ပြည်ထဲဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီး ဌာနအောက်ကို မကြာခင်ရွှေ့ပြောင်းတော့မယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ဖို့ မူဝါအရ သဘောတူညီထားပြီး လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေကြောင်း၊ မကြာခင်ပြောင်းရွှေ့မှာဖြစ်ကြောင်း ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီလိုပြုပြင်ပြောင်းလဲရေးပြုလုပ်တာဟာ မဟာဗျူဟာတွေနဲ့ အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာအောင် ဆောင်ရွက်တာလို့လည်း ထည့်သွင်းပြောကြားပါတယ်။

အရင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ကာကွယ်ရေးဦးစီးချုပ်လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှာ ရှိတာဖြစ်ပြီး အခုဆိုရင် အရပ်သားအစိုးရ ယန္တယားတစ်ခုဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက် ပထမဆုံးရောက်ရှိမယ့် အခြေအနေဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ထွေအုပ်တွေနဲ့ ရပ်ကျေးအဆင့်ထိဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်လာအောင် ပြုပြင်ပြောင်းလဲတာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနမှာ ဝန်ကြီးအဖြစ် မကြာခင်ကမှခန့်အပ်ခဲ့တဲ့ ဦးမင်းသူက ဆောင်ရွက်နေတာဖြစ်ပြီး သူ့ကိုခန့်အပ်ပေးတာဟာလည်း ဒီအစဉ်ကြောင့်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာတော့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနတို့ ကျန်ရှိဦးမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။