စစ်ကိုင်းတိုင်းမှာ ပြည်သူ့လုံခြုံရေးဖွဲ့ဖို့ ဒုစစ်ခေါင်းဆောင် ပြော

RFA Burmese
2024.10.15
စစ်ကိုင်းတိုင်းမှာ ပြည်သူ့လုံခြုံရေးဖွဲ့ဖို့ ဒုစစ်ခေါင်းဆောင် ပြော စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်မုံရွာမြို့တွင် တွေ့ရစဉ်။
Military Council Photo

လက်နက်ကိုင် ခုခံမှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့ဖို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာလ ၁၄ ရက်က သူ့ရဲ့စစ်ကိုင်းတိုင်း ခရီးစဉ်မှာ ပြောပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ရပ်ကွက်နဲ့ ကျေးရွာအလိုက် စနစ်တကျဖွဲ့စည်းဖို့၊ ပြည်သူတွေ ပါဝင်လာစေရန် စည်းရုံးဖို့နဲ့ ရပ်ကွက်၊ ကျေးရွာတွေထဲ PDF တွေ ဝင်မလာနိုင်အောင် စောင့်ကြည့် ရမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတစ်ဝန်း တည်ငြိမ်ရေးနဲ့ နယ်မြေလုံခြုံရေးဟာ ပြည်သူတွေပူးပေါင်းပါဝင်မှ အောင်မြင်မယ်လို့လည်း ဒုတိယစစ်ခေါင်းဆောင်က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကတော့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြို့ပေါ်က ပြည်သူတွေကို အတင်းအကျပ် ပါဝင်ဖို့ လုပ်လာလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်ထောက်ခံတဲ့ ရွာတွေမှာ လက်နက်အင်အားတွေ ပိုကောင်းလာမယ်။ ဘယ်ဘက်မှ မပါဘူးဆိုတဲ့ မြို့ပေါ်က လူတွေလည်း ဒီအဖွဲ့အစည်းထဲမှာ အတင်းအကျပ်ထည့်ခံရမယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတဲ့ အခြေအနေကတော့ အရင်ကထက် ဂရုစိုက်ရတော့မှာပေါ့”

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ စစ်ကိုင်းတိုင်းက အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ မုံရွာကိုမြို့ကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်ကြာ သွားရောက်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေးအတွက် သတိပေးပြောဆိုတာတွေ လုပ်ခဲ့သလို တိုက်ပွဲတွေအတွင်း ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လက်နက်ကိုင်ခုခံမှုတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီဟာ ရပ်ကွက်နဲ့ ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်မဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက် အသက် ၃၅ နှစ်ကနေ ၆၅ နှစ် အမျိုးသားတွေကို စာရင်းကောက်ယူနေပြီး တချို့ဒေသတွေမှာတော့ ဖွဲ့စည်းမှုတွေ လုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။