ကလေးမြို့မှာ လူငယ်သုံးဆယ်ထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီး

RFA Burmese
2024.12.14
ကလေးမြို့မှာ လူငယ်သုံးဆယ်ထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီး ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးမှ မြို့မစျေးအား တွေ့ရစဥ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ လူငယ် သုံးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ မိသားစု၀င်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

လမ်းသွားလမ်းလာ လူငယ်တွေ၊ မြို့ပြင်စစ်ဆေးရေးဂိတ်တွေမှာနဲ့ အရက်ဆိုင်တွေမှာပါ ဖမ်းဆီးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဒီရက်ပိုင်းက အရင်ထက် ဖမ်းတာ၊ ဆီးတာ ပိုကြမ်းတယ်။ နေရာတကာမှာ ဖမ်းဆီးခံရတာ ကြားနေရတယ်။ လမ်းသွားနေတဲ့ ဆိုင်ကယ်တွေတောင် ရပ်ခိုင်းပြီး ဖမ်းသွားတာရှိတယ်။ အရက်ဆိုင်က အရက်သမားတွေကိုလည်း ဖမ်းသွားတာရှိတယ်။ အခုက ငွေထုပ်ပိုက်ပြီး လိုက်ပြန်ရွေးရင်တောင် အရွေးမခံတာရှိတယ်"

ဖမ်းဆီးခံရတဲ့ အရပ်သားတချို့ကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှာ ဖမ်းဆီးထားသလို တချို့ကိုတော့ စခန်းကြီးရှိ လေ့ကျင့်သင်တန်းကျောင်းကို တန်းပြီးပို့ဆောင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကလေးမြို့ပေါ် ညနေခင်းတွေမှာ လူသွားလူလာ နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးခံရမှုဟာ အခုရက်ပိုင်းထဲ ပိုများပြားလာပြီး စစ်ကောင်စီတပ်သားတွေ မဟုတ်တဲ့ ပျုစောထီးနဲ့ စစ်ကောင်စီတပ် ထောက်ခံသူတွေ ပူးပေါင်းဖမ်းဆီးမှုလည်းရှိနေတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၅) အထိ စစ်သား နှစ်သောင်းကျော် စုဆောင်းခံခဲ့ရပြီး အတင်းအဓမ္မ ဖမ်းဆီးပြီး စုဆောင်းခံရသလို ငွေကြေးနဲ့ ငှားရမ်းပြီး လူစားထိုးတာလည်းရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။