မြင်းခြံ၊ မုံရွာနဲ့ ရေဦးမှာ လူငယ် တစ်ရာကျော် ဖမ်းဆီးခံရ
2024.12.15

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ စစ်ကိုင်းတိုင်း၊ ရေဦး၊ မုံရွာ မြို့တွေမှာ အခုရက်ပိုင်းအတွင်း လူငယ် တစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့ ပြောပါတယ်။
အဲဒီဒေသတွေမှာ ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်အထိ အသက် နှစ်ဆယ်ကနေ သုံးဆယ်အရွယ် လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေအထဲ မြင်းခြံမြို့မှာ ငါးဆယ်ခန့်၊ ရေဦးမြို့မှာ သုံးဆယ်ကျော်နဲ့ မုံရွာမြို့မှာ ငါးဆယ်ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့ခံတစ်ဦးကတော့ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့ ဈေးတွေမှာရှိတဲ့ လူငယ်တွေကို ဖမ်းဆီးသွားတာလို့ RFA ကို ပြောပါတယ်။
“မနေ့က မြင်းခြံ ကားကြီးဂိတ်ထဲကမှာ ပစ္စည်းသွားယူတဲ့ လူငယ်တစ်ယောက်ကို ပျူစောထီးတွေက ဖမ်းသွားတယ်။ အဲဒါ ပစ္စည်းတောင် ယူချိန်မရသေးဘူး။ အဲဒီကလေးကို ရိုက်နှက်ဖမ်းတာ ဘောင်းဘီတောင်ကျွတ်တယ်။ ဘယ်ဖမ်းသွားလဲ မသိဘူး။ မြင်းခြံမှာ ဒီရက်ပိုင်း လူငါးဆယ်လောက် အဖမ်းခံရတယ်”
မြင်းခြံမြို့မှာ ဖမ်းဆီးမှုတွေ ရှိလာတာကြောင့် စစ်မှုထမ်းအရွယ်ရှိတဲ့ မိသားစုတွေလည်း စိုးရိမ်မှုတွေ ရှိလာတယ်လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အောင်မင်္ဂလာရပ်ကွက်၊ ဇီးခြံရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက် တွေမှာ စစ်ကောင်စီတပ်က ညစဉ်ကင်းလှည့်ပြီး လူငယ် သုံးဆယ်ထက်မနည်း ဖမ်းဆီးထားတယ်လို့ ရေဦးအခြေစိုက် People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် က RFA ကို ပြောပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က စစ်သင်တန်းတွေပေးဖို့ လုပ်နေပြီး မိသားစုနဲ့ အဆက်အသွယ်လည်း မရကြဘူးလို့ သူက ပြောပါတယ်။
မုံရွာမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်း-မုံရွာကားလမ်းပေါ်မှာ ကားတစ်စီးမှာပါတဲ့ လူငယ်တွေ အပါအဝင် အရပ်သား ငါးဆယ်နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အဆက်အသွယ်ပြတ်နေတယ်လို့ မုံရွာမြို့ခံတွေက RFA ကို ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ ဖမ်းဆီးမှုတွေကြောင့် ဆားလင်းကြီးမြို့နယ်ဘက်အခြမ်းကနေ ချင်းတွင်းမြစ်ကူးပြီး အလုပ်လုပ်ကြမဲ့သူတွေလည်း မုံရွာမြို့ ပေါ်ကို မသွားကြတော့ဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူနဲ့ မန္တလေးတိုင်း ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Burma Affairs & Conflict Study (BACS) ရဲ့ အောက်တိုဘာလအတွင်း ထုတ်ပြန်ချက်အရ စစ်မှုထမ်း သင်တန်း အပတ်စဉ် (၁) ကနေ (၅) အထိ လူနှစ်သောင်းကျော် စုဆောင်းခံရပြီး အဓမ္မဖမ်းဆီးခံရသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။