ရေနံချောင်းမှာ ဖမ်းဆီးခံထားရသူ ငါးဆယ်ခန့် မိသားစုနဲ့ တွေ့ခွင့်မရ
2024.05.09
မကွေးတိုင်း၊ ရေနံချောင်းမှာ စစ်မှုထမ်းသင်တန်းအတွက် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ လူ ၅၀ ခန့်ကို မေလ ၈ ရက် မနေ့က မိသားစုတွေက သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရဘဲ စစ်ကောင်စီတပ်က အခြားနေရာတစ်ခုကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရေနံချောင်းမြို့မှာ ဧပြီလ ၂၅ ရက် မနက် ခုနစ်နာရီခန့်ကစပြီး စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေကို ရေနံချောင်း ရွှေဘုံသာ ဘောလုံးကွင်းမှာ စစ်သင်တန်း တစ်ပတ်ခန့် ပေးပြီးနောက် မိသားစုဝင်တွေက တွေ့ခွင့်တောင်းရာမှာ စစ်ကောင်စီတပ်က တွေ့ခွင့်မပေးဘဲ အခြားနေရာတစ်ခုကို ပို့ဆောင်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေနံချောင်းမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"အသက် ၁၈ နဲ့ ၃၅ ကြား အကုန်ဖမ်းပြီးတော့ လိုတဲ့နေရာပို့၊ မိသားစုတွေက တွေ့လို့မရဘူး။ ကျွန်တော်တို့ရွာက ကလေးတွေကို ပါသွားတယ်။ ဖမ်းတာတော့ အကုန်ဖမ်းတာပဲ ကား လေးငါးစီးလောက်ရှိတယ်"
နောက်ထပ် ရေနံချောင်းမြို့ခံတစ်ဦးကတော့ အဖမ်းခံရသူတွေကို မကွေးမြို့ဘက်ကို ခေါ်ဆောင်သွားတာ ကြားရတယ်လို့ ပြောပါတယ်။
"အပြင်တွေ မသွားရဲဘူး ဆွဲနေတာပဲ။ ဆိုင်ကယ်သမားတွေ ဆွဲတာပဲ။ ရေနံချောင်းက လူတွေ မကွေးပို့တယ်လို့ ကြားရတယ်။ ရေနံချောင်း ဘောလုံးကွင်းထဲ မရှိတော့ဘူး"
ဒီနေ့ မနက်ပိုင်းမှာလည်း မကွေးမြို့က ထွက်လာတဲ့ စစ်ကောင်စီ ကားအစီးနှစ်ဆယ်လောက်ဟာ ရေနံချောင်း မြို့ရှောင်လမ်းပေါ်မှာ မောင်းသွားတာ တွေ့မြင်ရတယ်လို့ ပြောပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရေနံချောင်းမြို့မှာ လူငယ်တွေ အပြင်ကို မထွက်ရဲတော့ဘူးလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၂) အတွက် စစ်သားလိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ဧပြီလကစလို မကွေးတိုင်း ရေနံချောင်း၊ နတ်မောက်၊ မကွေး၊ မြို့သစ်နဲ့ အောင်လံမြို့တွေမှာ လူရာနဲ့ချီ အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။