ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်မှု တေးဂီတ ဖျော်ဖြေပွဲပြုလုပ်
2012.05.07

ရရှိတဲ့ရန်ပုံငွေကို ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကို တနင်္ဂနွေနေ့တိုင်း ပြုလုပ်မှာဖြစ်ပြီး အစီအစဉ် အကောင်အထည်ဖော်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကိုရဲလွင်က အခုလိုပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဒီပြည်တွင်းစစ်ဆိုတာက အခုထိ မပြီးသေးဘူးပေါ့။ ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက၊ အဲဒီတော့ ပြည်တွင်းစစ် ရပ်စဲစေချင်လို့ တွန်းအားပေးဖို့လို့ ရည်ရွယ်တာပေါ့။ ဒီပွဲလုပ်မယ်။ ကျွန်တော်တို့ လုပ်တဲ့ပွဲက ရန်ပုံငွေရှာရင်းနဲ့ ပြည်တွင်းစစ်ကို ရပ်စဲဖို့လုပ်ရင်း ပြည်တွင်းစစ် ရပ်စဲတယ်ဆိုတာ သေချာပြီလို့ တိုင်းပြည်က အသိအမှတ်ပြုတဲ့အထိ ကျွန်တော်တို့လုပ်မယ်”
ရည်ရွယ်ချက်တူ ဝါသနာရှင်တွေ စုပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲကို ကိုရဲလွင်နဲ့အတူ သားလေး၊ တိုးလွင် (ဥတ္တရအလင်း)၊ ညီညီလွင်၊ Eချိုတို့ ပါဝင်တဲ့အဖွဲ့က စားသောက်ဆိုင် (၃) ခုမှာ မနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။
မင်္ဂလာတောင်ညွန့်က morning star၊ အလုံမှာရှိတဲ့ IT၊ ဝါးတန်းလမ်းက စံပြဒေါ်ကြည်စတဲ့ ဆိုင် (၃) ဆိုင်မှာ ဖျော်ဖြေခဲ့ကြပြီး ရန်ပုံငွေအဖြစ် ကျပ် ၈သိန်းကျော် ရရှိခဲ့လို့ ဒီအလှူငွေတွေကို ကချင်ဒုက္ခသည်တွေအတွက် ကူညီပေးနေတဲ့ အဖွဲ့တွေကို ဆက်သွယ်လှူဒါန်းပေးအပ် သွားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ မန္တလေးမှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ ကိုရဲလွင်က ပြောပါတယ်။
"မန္တလေးကနေပြီးတော့ ဒီလူမှုကွန်ယက်တွေ ရှိတယ်လေ။ အဲဒီကချင်ပြည်နယ်နဲ့ ဆက်သွယ်နေတဲ့ ၂ ဖွဲ့ ၃ ဖွဲ့ ကျွန်တာ်တို့နဲ့ အခု contact ရသွားတယ်။ အဲဒီအဖွဲ့နဲ့ သေချာဆွေးနွေးပြီးတော့ ကျွန်တော်တို့ သွားပြီးတော့ လှူရမှာ”
ဒီကနေ့မှာတော့ အဆိုတော် အကော်ဒီယံ အုန်းကျော်ကလည်း ငွေ ၁သိန်း လာရောက်လှူဒါန်းတဲ့အတွက် အလှူငွေ စုစုပေါင်း ကျပ် ၉ သိန်း ၃ သောင်းကျော် ရရှိနေပြီလို့ သိရပါတယ်။