ဘုတလင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် PDF နှစ်ဦးနဲ့ အဘွားအိုတစ်ဦးသေဆုံး

2022.10.15
ဘုတလင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် PDF နှစ်ဦးနဲ့ အဘွားအိုတစ်ဦးသေဆုံး ဒဏ်ရာရသွားသည့် ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦး။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဒါန်းတိုင်ရွာကို ဒီနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ 

လက်နက်ကြီးတွေရဲ့ အသံကြားပြီး အသက် ၇၀ အရွယ် ဒေသခံ အဘွားအိုတစ်ဦး ကြောက်လန့် သေဆုံးသွားသလို ရွာထဲမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို ကယ်ထုတ်ရင်း ဒေသခံ PDF နှစ်ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က လက်နက်ကြီး ၁၅ ချက်ထက်မနည်း ပစ်ခဲ့တယ်လို့ RFA နဲ့ စကားပြောခဲ့တဲ့ ရွာသားကပြောပါတယ်။ 

"လက်နက်ကြီး ရွာထဲကိုကျတယ်။ ထိခိုက်တာ‌ မရှိပေမယ့် အဘွားတစ်ယောက်ကတော့ လက်နက်ကြီးအသံကြားပြီး အသက်ကြီးတော့ လန့်ပြီးဆုံးသွားတယ်။ ပြီးတော့ ရွာဝင်ဝင်ချင်း ကင်းပွိုင့်ကိုလည်း ဝင်စီးခံရတယ်။ နောက်ထပ် အဘိုးနဲ့ အဘွား နှစ်ယောက်လည်း မပြေးနိုင်လို့ သွားကယ်ထုတ်ရင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ယောက် ကျသွားတယ်"

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ပြီးနောက် ရွာထဲကို ဝင်ရောက်လာတာကြောင့် PDF တပ်ဖွဲ့ဆောက်ထားတဲ့ ရွာလုံခြုံရေးကင်း တိုက်ခိုက်ခံရသလို နောက်ထပ် PDF လေးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးလည်း အဖမ်းခံခဲ့ရတယ်လို့ အဲဒီရွာသားက ပြောပါတယ်။ အဲဒီဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။ 

ဒါန်းတိုင်ရွာဟာ အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ပြီး၊ ဒါန်းတိုင်အပါအဝင် အနီးနားရှိ ကြက်ကုန်းရွာက ဒေသခံ နှစ်ထောင်ဝန်းကျင် လတ်တလော ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။