ကျောက်မဲဒေသခံ တိုက်ပွဲအတွင်းသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြား
2020.07.03
ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နဲ့ တိုက်ပွဲအတွင်း တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့ ပါကျန်ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
SNLD ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒေသတွင်း လွှတ်တော်အမတ်တွေက လူ့အခွင့်ရေးကော်မရှင်၊ NRPC ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံတော် သမ္မတတို့ထံကို တိုင်ကြားစာပေးပို့ထားပါတယ်။
ဇူလိုင်လ ၂ ရက် မနေ့က တိုင်ကြားစာကို ပေးပို့ခဲ့တာဖြစ်ပြီး ဘာကြောင့်အခုလို တိုင်ကြားစာ ပေးပို့ရတယ်ဆိုတဲ့ အခြေအနေကို ကျောက်မဲမြို့SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်း က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က ပါကျန်၊ အက်ကြီး၊ ပန်ကျင်၊ လွယ်ပေါင်း၊ ပြိန်းနင်းကျေးရွာတွေမှာ တပ်မတော် ဖက်က စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လှုပ်ရှားခဲ့တာဖြစ်ပြီး RCSS တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
ပါကျန်ကျေးရွာက အိမ်သုံးလုံး လက်နက်ကြီးကျည်ထိမှန်ပြီး အနည်းငယ်ပျက်စီးခဲ့သလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တစ်လုံးကို တွေ့ရတယ်လို့ ဆိုပါတယ်။
RCSS က ကျောက်မဲမြို့နယ်အတွင်း ဇွန်လ ၂၆ ရက်နေ့က မူးယစ်ဆေးဝါးတွေ မီးရှို့တဲ့အခမ်းအနား ပြုလုပ်ဖို့ အတွက် တပ်မတော်ဖက်ကို အကြောင်းကြားခဲ့ပြီး လုံခြုံရေးအတွက် တပ်အင်အားတွေ ကြိုတင်ချထားခဲ့ရာမှာ ဇွန်လ ၂၅ ရက်နေ့လောက်ကတည်းက စစ်ရေးတင်းမာလာပြီး တိုက်ပွဲအနည်းငယ် ဖြစ်ခဲ့တယ်လို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက RFA ကို ပြောပါတယ်။
ဇွန်လ ၂၆ ရက်မှာတော့ တိုက်ပွဲမရှိခဲ့ပေမယ့် ဇွန်လ ၂၇ ၊၂၈ မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပြီး ဇွန်လ၂၉ ရက်နေ့မနက်ပိုင်း ပန်ကျိန်ရွာမှာ တပ်မတော်စစ်ကြောင်းက ဝင်ရောက်ပစ်ခတ်တာကြောင့် နေရပ် စွန့်ခွာထွက်ပြေးဖို့ပြင်ဆင်နေတဲ့ အသက်ငါးဆယ်ကျော် လုံးဆု ဆိုသူနဲ့ ပါမွမ်ဆိုင်းတို့ နှစ်ဦး ပစ်ခတ်ခံခဲ့ရပြီး လုံးဆုကတော့ သေဆုံးသွားတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့တပ်တွေကတော့ ရွာထဲမှာ မရှိဘူးလို့လည်း RCSS ဒုတိယ ဗိုလ်မှူးကြီး စိုင်အွမ်ခေး က ပြောပါတယ်။
သေနတ်ပစ်ခတ်ခံရပြီး နောင်ပိန်တိုက်နယ်ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ပါကျန်ရွာသူ ပါမွမ်ဆိုင်ကတော့ ကျေးရွာအနီး သေနတ်သံတွေကြားလို့ ထွက်ပြေးလာချိန်မှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်တာကိုခံရတာလို့ RFA ကို ပြောထားပါတယ်။
အက်ကြီးကျေးရွာက အမျိုးသားတစ်ဦးကတော့ ဇွန်လ၂၇ရက်နေ့မှာ တပ်မတော်စစ်ကြောင်းက ပန်ကျိန် ရွာဘက်ကို ခေါ်သွားခဲ့ပြီး ရိုက်နှက်ခဲ့လို့ နောက်တစ်နေ့မှာ ကျောက်မဲဆေးရုံကို တက်ရောက်ကုသမှု ခံယူနေရတယ်လို့ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကျောက်မဲဒေသ အတွင်း တိုက်ပွဲဟာ NCA ပါ အချက်တွေကို RCSS ဖက်က ချိုးဖောက်ပြီး စစ်အင်အားတွေ တိုးချဲ့လာလို့ တိုက်ပွဲဖြစ်ရ တာဖြစ်ပြီး တိုက်ပွဲတွေမှာ အရပ်သားတွေဖက်က နစ်နာမှုရှိရင် လူ့အခွင့်အရေး ကော်မရှင်၊ အစိုးရနဲ့ တပ်မတော် တို့ကို တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေတဆင့် သိထားပြီးဖြစ်လို့ တိုင်စာရောက်လာရင် အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ညွှန်ကြားရေးမှူး ဦးသူရကျော်က RFA ကို ပြောပါတယ်။
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နဲ့ RCSS တိုက်ပွဲကြောင့် ပါကျန်၊ ဟဲကွီ၊ ပြိန်နင်း၊ မန်မိုင်၊ ရေဆန်၊ ပန်ကျင်၊ လွယ်ပေါင်း စတဲ့ကျေးရွာအပါအဝင် ကျေးရွာ ဆယ်ရွာက ဒေသခံ ၄၃၇ ဦး၊ ပန်လော့ရွာက ၁၉၀ ကျော်၊ နမ့်ဖတ်ရွာက ၆၀ ဝန်းကျင် ထွက်ပြေးခဲ့ကြရပြီး လက်ရှိမှာ တိုက်ပွဲတွေငြိမ်ပြီဖြစ်လို့ နေရပ်ပြန်သွားကြပြီ ဖြစ်ပါတယ်။