အရပ်သားတွေကို အကာအကွယ်ပေးဖို့ HRW တိုက်တွန်း


2019.09.08
kutkai-refugees-622.jpg ကွတ်ခိုင်မြို့ မဟာစည်ကျောင်းမှာ ထွက်ပြေးခိုလှုံနေရတဲ့ ဟွေခုတ်မန်ထန်ရွာသားတွေကို ၂၀၁၉ စက်တင်ဘာ ၃ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA

မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးသင့်တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းသုံးဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေအတွင်း အနည်းဆုံး အရပ်သား ၁၇ ဦးသေဆုံးပြီး၊ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ စာရင်းတွေကို ကိုးကားပြီး HRW က ပြောထားပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

သြဂုတ်လအတွင်း တိုက်ပွဲတွေကြောင့် လူဦးရေ ၇၅၀၀ လောက်က အိုးအိမ်မဲ့ဖြစ်နေပြီး၊ ၃၅၀၀ လောက်က ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးမယ့် ပရဟိတအဖွဲ့တွေရဲ့ ယာဉ်တန်းတွေကို နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေက တားဆီးခဲ့တာကြောင့် အစားအသောက်နဲ့ ဆေးဝါးပြတ်လပ်တာတွေ ကြုံတွေ့ရတယ်လို့လည်း HRW က ဆိုပါတယ်။

HRW ရဲ့အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adam က - တပ်မတော်နဲ့ မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ စစ်ပွဲဥပဒေသတွေကို အသိအမှတ်ပြုသင့်ကြောင်း၊ နှစ်ဖက်အဖွဲ့တွေအနေနဲ့ အရပ်သားတွေကို အကြောင်းမဲ့ပစ်ခတ်တာတွေ ရပ်စဲသင့်ကြောင်း၊ အကူအညီလိုအပ်နေသူတွေဆီ အထောက်အပံ့တွေ ရောက်ရှိသင့်ကြောင်း မနေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရှမ်းမြောက်တိုက်ပွဲကာလအတွင်း ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်း က - သူကြုံတေ့ွခဲ့ရတဲ့အခြေအနေကို အခုလို ပြောပါတယ်။

"တကယ်တမ်းဆိုရင်တော့ ပရဟိတအသင်းတွေတင်မကဘူး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေဆိုတာက အပြစ်ရှိတဲ့ ပြည်သူမဟုတ်ဘူး၊ အပြစ်မဲ့ပြည်သူဗျ။ ဒီအပြစ်မဲ့ပြည်သူတွေကို အသက်အန္တရာယ်ထိခိုက်တာတွေ၊ ကားတွေ မီးရှို့တာတွေလည်း မလုပ်သင့်ပါဘူး။ မလုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်"

သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်တွေကို အကူအညီပေးမယ့် ပရဟိတအဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ပါတယ်။ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေသတွေထဲမှာ စစ်ရေး ကြံရွယ်ချက်နဲ့ အသုံးပြုတာမဟုတ်တဲ့ ဆေးပစ္စည်းသယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်တွေကို တိုက်ခိုက်မှုအပေါ် တားမြစ်ထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ စစ်ဘေးရှောင်တွေ လွတ်လပ်စွာသွားလာနိုင်ဖို့ တိုက်ပွဲတွေ ရပ်တန့်ဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ HRW က ပြောလိုက်ပါတယ်။

ထိခိုက်မှု အများအပြားမှာ အရပ်သားတွေကို ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အဲဒီဖြစ်ရပ်တွေအတွက် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တာဝန်ယူခြင်း၊ တောင်းပန်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။

အရပ်သားသေဆုံးထိခိုက်တာတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်တယ်လို့ ဦးသောင်းထွန်း ကလည်း ပြောပါတယ်။

"အခုဖြစ်တဲ့ကိစ္စတွေမှာတော့ နှစ်ဘက်ဘယ်အဖွဲ့အစည်းတွေကမှ သူတို့လုပ်တာပါလို့ ဘယ်သူမှ တာဝန်ခံတာ မရှိပါဘူးဗျ။ တကယ်တမ်းဆိုရင်တော့ တဘက်က မလုပ်ရင် တဘက်က လုပ်တာပါပဲ။ အဲဒါကိုတော့ တာဝန်ယူမှု တာဝန်ခံမှုလည်း ရှိစေချင်ပါတယ်။  စည်းကမ်းတွေကိုလည်း လိုက်နာစေချင်ပါတယ်"

လန်ဒန် အခြေစိုက် အထင်ကရ လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အရပ်သားတွေကို ပစ်မှတ်ထားခြင်းဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ပြောလိုက်ပါတယ်။

ပစ်ခတ်မှုတွေက ကွတ်ခိုင်မြို့ နေအိမ်တလုံးကို ထိမှန်ပြီး လူကြီးနှစ်ဦး ကလေးသုံးဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် ပေါ်ပေါက်ပြီး ရက်အနည်းငယ်အတွင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အခုလိုတိုက်တွန်းချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖဲ့ွက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ပေမယ့် ဆက်သယ်လို့ မရခဲ့ပါဘူး။

HRW နည်းတူ AI အဖွဲ့ကလည်း စစ်မက်ဖြစ်ပွားရာနေရာမှာ နှစ်ဖက်တာဝန်ရှိသူတွေ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မြောက်ပိုင်းသုံးဖွဲ့ထဲက ရခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက -

"နှစ်ဘက်လုံး အပစ်ရပ်ကြဖို့ ဒီလိုတိုက်တွန်းတာ တရားမျှတမှုရှိတယ်လို့ နားလည်တယ်။ ဗမာစစ်တပ်ဘက်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာ ရပ်တန့်ဖို့တော့ လိုတာပေါ့။ ရှမ်းမြောက်တိုက်ပွဲတွေမှာရော ရခိုင်ဒေသက တိုက်ပွဲဧရိယာတွေမှာရော ဗမာစစ်တပ်ဘက်က အကျအဆုံးများပြီဆိုရင် အရပ်သားပြည်သူတွေကို ဦးတည်ပြီး သတ်ဖြတ်တာ တော်တော်လေးလုပ်လာတာ ရှိတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုလုံးဝမလုပ်ဘူး။ အရပ်သားတွေကို ဘယ်အနေအထားမှာပဲဖြစ်ဖြစ် အကောင်းဆုံးအကာအကွယ်လုပ်ရမယ်ဆိုတာ တပ်ဖွဲ့တွေ အားလုံးကို ညွှန်ကြားထားပြီးဖြစ်တယ်"

ဒီအတောအတွင်း ရခိုင်ဒေသ တိုက်ပွဲနယ်မြေမှာလည်း အရပ်သားတွေ ထိခိုက် သေဆုံးမှု ရှိနေကြောင်း သတင်းတွေမှာ မကြာခဏ တွေ့နေရပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်တိုးဂိတ် အပါအဝင် နေရာ ၅ခုကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အရပ်သား၊ စစ်သား နဲ့ ရဲ ၁၄ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ နဲ့ ပစ္စည်းတန်ဖိုး ကျပ်သိန်း ၂၈၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။