ရသေ့တောင်နဲ့ ကျောက်တော်မှာ လက်နက်ကြီးကြောင့် လေးဦး ဒဏ်ရာရ
2020.09.16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ မနေ့ညနေ ငါးနာရီကျော်အချိန်လောက်က ရွာထဲက နေအိမ် တစ်လုံးထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၃ နှစ်အရွယ် မောင်ဦးငြိမ်းဇော်ရဲ့ မျက်လုံးကို ထိခိုက်ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရတဲ့ကလေးကို ဒီနေ့ မနက်က စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဦးဂါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင်ဇံ က RFA ကိုပြောပါတယ်။
“သူတို့နေတဲ့အိမ်က တစ်ထပ်တိုက်အိမ်လေးပါ။ လက်နက်ကြီးက ခေါင်းမိုးကနေ ဖောက်ဝင်လာပြီးတော့ အုတ်တိုင်ကို ထိမှန်ပါတယ်။ အဲဒီကနေ နောက်တစ်အိမ်ကို စင်ထွက်သွားပါတယ်။ အရင်ဆုံးမှန်တဲ့ အိမ်က ကလေးရဲ့ ညာဘက်မျက်စိမှာ ဒဏ်ရာရသွားပါတယ်။ ဒီနေ့မနက် အစောပိုင်းကတော့ စစ်တွေ ဆေးရုံကြီးကို ပို့လိုက်ရပါတယ်။ မနေ့ညက ကူတောင်တိုက်နယ်ဆေးရုံကို ပို့ခဲ့ပေမယ့် ဆရာဝန်ကလည်း မတတ်နိုင်လို့ ဒီနေ့မနက်က စစ်တွေဆေးရုံကို ပို့လိုက်ရတာ။”
ဒီပေါက်ကွဲမှုအတွင်း မြင်းကန်ချောင်းကျေးရွာကနေ ဦးဂါကျေးရွာကို မိသားစုနဲ့အတူ ထွက်ပြေးရောက်ရှိနေတဲ့ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ရဲ့ ဦးခေါင်းမှာလည်း လက်နက်ကြီးအစ ရှပ်ထိမှန်သွားပါတယ်။ ဒါပေမဲ့ ဒဏ်ရာမပြင်းထန်လို့ ဆေးရုံကိုပို့ဖို့မလိုဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။
လက်နက်ကြီးတွေဟာ မနေ့က ဦးဂါရွာထဲမှာ ကျရောက်ပေါက်ကွဲသလို ရွာနားကတောင်မှာလည်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ညနေက ကူတောင်ကျေးရွာဘက်မှာ မေယုမြစ်ထဲမှာရှိနေတဲ့ တပ်မတော်ရေယာဉ်နဲ့ ကုန်းပေါ်က ရက္ခိုင့်တပ်တော် (AA) အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း တပ်မတော်ရေယာဉ်နဲ့ ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ တပ်ရင်းတွေကလည်း အချိန် တစ်နာရီလောက် ကြာအောင် ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ကျေးရွာတွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာလို့ ဒေသခံတွေကပြောကြပါတယ်။
မြင်းကန်ချောင်းကျေးရွာမှာလည်း ဘုန်းကြီးကျောင်းဓမ္မာရုံနဲ့ ရွာထဲမှာ လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စောနိုင်က ပြောပါတယ်။
“မနေ့ကဖြစ်စဉ်မှာဆိုရင် ကျွန်တော်တို့ရွာမှာ သေကြေထိခိုက်တာတွေတော့ မရှိဘူးဗျ။ လက်နက်ကြီးကတော့ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ နှစ်လုံးကျတယ်။ ရွာထဲက ဦးထွန်းတင်အိမ်မှာလည်း စက်လက်နက်ကျည် တစ်လုံး ကျတာရှိတယ်။ ကျွန်တော်သိသလောက်တော့ ကူတောင်နဲ့ အနောက်ပြင်ရွာ မြစ်ဘက်ကနေ စပြီးတော့ ပစ်ခတ်တာတွေကိုကြားရတယ်။ အဲဒီမှာ အပြန်အလှန်ပစ်မှုတွေရှိတယ်လို့ ကျွန်တော်တို့ ကြားရတယ်ဗျ။”
မနေ့ကတိုက်ပွဲကြောင့် ဒေသခံအချို့ဟာ အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ် လို့လည်း မြင်းကန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စောနိုင်ကပြောပါတယ်။
မနေ့ကညနေပိုင်း လက်နက်ကြီးကျည်ကျရောက်တဲ့ ဦးဂါနဲ့ မြင်းကန်ချောင်းရွာတွေဟာ ရသေ့တောင်မြို့နယ် တောင်ဘက်ပိုင်းမှာရှိပြီး အဲဒီရွာတွေနဲ့ ၂၅ မိုင်ခန့်ဝေးတဲ့ ရသေ့တောင်မြို့နယ် မြောက်ဘက် မေယုမြစ် ကမ်းနံဘေးက အာကာတောင်ရွာမှာလည်း မနေ့က နေ့လယ် ၁၁ နာရီကျော်လောက်က အရပ်သား တစ်ဦး ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၄၀ အရွယ် ရိုဟင်ဂျာ မွတ်စလင် ဦးမာမောက်ရော်ဖီးဖြစ်ပြီး ရင်ဘတ်နဲ့ ဘယ်ဘက် လက်မောင်းမှာရရှိခဲ့တဲ့ ကျည်ထိမှန်ဒဏ်ရာကြောင့် မနေ့ နေ့လယ်က ဘူးသီးတောင်ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
သမီးနဲ့အတူ ပိုက်ချပြီး လှေနဲ့ပြန်လာတဲ့သူ့ကို မလှမ်းမကမ်းမှာရှိနေတဲ့ တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဦးမာမောက်ရော်ဖီးရဲ့ မိတ်ဆွေဖြစ်သူ အာကာတောင်ကျေးရွာသား ကိုဘော်လီက RFA ကို ပြောပါတယ်။
“ကျည်ဟာ ရင်ဘတ်ကိုရှပ်ထိပြီး လက်မောင်းကို ဖောက်ဝင်သွားပါတယ်။ တပ်မတော်ဇက် ရေယာဉ်ကနေ ပစ်လိုက်တာပါ။ သူတို့က ပိုက်ချပြီး ပြန်လာကြပါတယ်။ အဲဒီအချိန်မှာ လှေကိုပဲ့ကိုင်ပြီးလာတဲ့ သူ့ကိုပစ်လိုက်တာပါ။”
ဦးမာမောက်ရော်ဖီးဟာ မေယုမြစ်ထဲမှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း နေသူဖြစ်ပါတယ်။
မေယုမြစ်ထဲမှာ လှည့်လည်သွားလာနေတဲ့ တပ်မတော်ရေယာဉ်ဟာ မသင်္ကာတဲ့လှေတွေကို ခေါ်ယူစစ်ဆေးလေ့ ရှိပြီး မနေ့ကတော့ တစ်စုံတစ်ရာ လှမ်းခေါ်တာမရှိဘဲ ဘာကြောင့်ပစ်သလဲဆိုတာကို မသိရကြောင်းလည်း ကိုဘော်လီကပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မနေ့ညနေက ကူတောင်နဲ့ အနောက်ပြင်ရွာ ဘက်က မေယုမြစ်ထဲမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အပြန်အလှန် တိုက်ပွဲဖြစ်တာမရှိကြောင်း၊ တပ်မတော်ဘက်က ရေယာဉ် နှစ်စီးနဲ့ မြစ်ထဲကနေ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရသေ့တောင်မြို့နယ်ရဲ့ တောင်ဘက် မီတာ တစ်သောင်းလောက်အကွာမှာ တပ်မတော်ရေယာဉ်တွေကို AA အဖွဲ့က တိုက်ခိုက်တာကြောင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရတာတွေဟာ တပ်မတော်က ပစ်ခတ်တာကြောင့် ထိခိုက်တယ်လို့ ပြောလို့ပြောလို့ မရကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့ညနေပိုင်းကလည်း ကျောက်တော်မြို့နယ် လမုန့်တပင်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ ဗုံးခိုကျင်းထဲမှာ ပုန်းနေတဲ့ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတွေက RFA ကိုပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် ဦးသိန်းလှက ယာဘက်ရင်အုံနဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်မဲမ က ယာဘက်ပေါင်မှာ အသီးသီးဒဏ်ရာရသွားပြီး ဦးသိန်းလှကို အပေါက်ဝတိုက်နယ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ကျေးရွာသူ၊ ကျေးရွာသားတွေက RFA ကို ဆက်သွယ်ပြောပါတယ်။
ကုလားတန်မြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ တပ်မတော်ရေယာဉ်ပေါ်ကနေ ရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်သွားတာဖြစ်ကြောင်းလည်း ပြောပါတယ်။
RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး သေဆုံးတဲ့အရပ်သား ၂၈၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၄၈ ဦးအထိ ရှိနေပါတယ်။
အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက်ကနေ မွေးကင်းစအရွယ်တွေအထိ လက်နက်ကျည်တွေကြောင့် သေဆုံးတဲ့ ကလေးသူငယ် ၄၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးသူငယ်ပေါင်းဟာ ၁၃၅ ဦးအထိ ရှိနေပါတယ်။