တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
2023.10.13

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ် အရပ်သားလေးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း - ၂ တာဝန်ခံတို့က RFA ကို ပြောပါတယ်။
အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၅၅၇ နဲ့ ကမ္မလိုင်းရွာ အခြေစိုက် ခမရ - ၅၅၈ တို့ကနေ ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ သစ်ပင်ခြောက်ရွာက ၁၀ အရွယ်ကလေးတစ်ဦး သေဆုံးခဲ့တာပါ။
ဒါ့အပြင် သစ်ပင်ခြောက်၊ လယ်တောင်ယာနဲ့ တမုတ်ချုံးရွာတွေက အသက် ၁၀ နှစ်အရွယ် နောက်ထပ် ကလေးနှစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ ဆယ်ကြိမ်လောက် ပစ်ခတ်ခဲ့တာမှာ အရပ်သားတွေ သေဆုံး၊ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က ၁၀ လုံးလောက်ရှိတယ် ပစ်တာ။ အားလုံးပေါင်း ငါးယောက်ထိတယ်။ ပထမတစ်ကြိမ်မှာ သုံးယောက်ထိတယ်။ ဒုတိယအကြိမ်မှာ ကျောင်းသားအရွယ်တွေ နှစ်ယောက်ထိတဲ့ထဲက တစ်ယောက်သေပြီး တစ်ယောက် ခြေထောက်တစ်ဖက်ပြတ်သွားတာ။ မာလကာသီးခူးရင်းနဲ့ ထိပြီး ပွဲချင်းပြီးသေတာ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့စက်တင်ဘာလ တစ်လအတွင်းမှာတော့ တနင်္သာရီတိုင်းထဲက သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကော့သောင်းမြို့နယ်တို့က အရပ်သားပြည်သူ ၂၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သောင်းကျော် (၈၂,၂၀၀) ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။