မောင်တောမှာ မြိုတိုင်းရင်းသား ခြောက်ရာခန့် တိုက်ပွဲကြားပိတ်မိ

RFA Burmese
2024.06.17
မောင်တောမှာ မြိုတိုင်းရင်းသား ခြောက်ရာခန့် တိုက်ပွဲကြားပိတ်မိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှာ တွေ့ရစဉ်။
STR / AFP

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ (၃) မိုင် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တိမ်းလာတဲ့ မြိုတိုင်းရင်းသား ခြောက်ရာနီးပါး (၅၉၅ ဦး) တိုက်ပွဲကြားပိတ်မိနေပြီး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဇွန် ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။

ပိတ်မိနေတဲ့ မြိုတိုင်းရင်းသားတွေဟာ မောင်တောမြို့နယ် သီဟိုလ်အေးနဲ့ ကိုင်းကြီးရွာက ထွက်ပြေးလာကြတဲ့သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြား ပိတ်မိနေတာကြောင့် စားသောက်ရေးအပြင် ဆေးဝါးအခက်အခဲတွေပါ ရင်ဆိုင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လမ်းကြောင်းပိတ်လိုက်တာနဲ့ အဲဒီဘက်မှာက ပစ္စည်းတွေလည်း သွားပို့လို့မရဘူး။ သူတို့လည်း ထွက်လာလို့ မရဘူးပေါ့နော်။ အခု ကယ်ဆယ်ထုတ်ဖို့တောင်မှ သူတို့ဆီမှာ ခွင့်ပြုချက်တောင်းရမယ်တဲ့။ အဲဒီမှာ AA နဲ့ စစ်တပ်လည်း ရှိနေတော့ ဘယ်သူဆီ ခွင့်ပြုချက် တောင်းရမလဲ မသိဘူး”

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားတဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖုန်းဆင်းကတ်တွေကို သုံးနေရပြီး အဲဒီဖုန်းဆင်းကတ်တွေကလည်း လိုင်းမကောင်းတဲ့အတွက် စာတိုပို့တဲ့အဆင့်သာရသလို စစ်ဘေးဒုက္ခသည်တွေ ကူညီဖို့ရရှိတဲ့အလှူငွေတွေလည်း ဘဏ်ထဲက ထုတ်လို့မရလို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ မောင်တောမြို့နယ်က လက်ကျန်စခန်းအားလုံးကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မှာ ဖြစ်တဲ့အတွက် မောင်တောပြည်သူအားလုံး ဇွန် ၁၆ ရက် ည ၉ နာရီကစပြီး မြို့အတွင်းက အမြန်ဆုံး ချက်ချင်းထွက်ခွာကြဖို့ မနေ့က ညပိုင်းမှာပဲ အရေးပေါ် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။