အင်တာနက် ဖြတ်တောက်ပြီး အင်အားသုံး ထိုးစစ်ဆင်မှာကို ဒေသခံတွေ စိုးရိမ်နေ
2021.09.16

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ၇ လကျော်ကာလအတွင်း ပုံစံမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်နေတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင် စတဲ့တိုင်းနဲ့ ပြည်နယ် ငါးခုက မြို့နယ် ၁၀ ခုကို စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။
အင်တာနက် ဖြတ်တောက်ပြီးတဲ့နောက် စစ်တပ်က PDF တပ်တွေနဲ့ ပြည်သူလူထုအပေါ် အင်အားသုံး ထိုးစစ်ဆင်လာပြီး သေဆုံးထိခိုက်မှုတွေ ပိုဆိုးလာမှာကို ဒေသခံတွေကလည်း စိုးရိမ်ပူပန်နေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ထားပြီး အာဏာရှင်ဆန့်ကျင်ရေးအားကောင်းတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့နယ်တွေကိုတော့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကစလို့ အခုချိန်ထိ ဆက်သွယ်ရေးအော်ပရေတာအားလုံးရဲ့ အင်တာနက် လိုင်းတွေကို ဖြတ်တောက်ထားတာပါ။
“မင်္ဂလာပါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသအတွင်း ရှိ ကနီ၊ ပုလဲ၊ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့များနှင့် မန္တလေးတိုင်း ဒေသအတွင်းရှိ မိုးကုတ်၊ မြင်းခြံ၊ မကွေးတိုင်း ဒေသအတွင်းရှိ တောင်တွင်းကြီးမြို့များတွင် အင်တာနက်လိုင်းများ ယာယီအသုံးပြု၍ မရနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ဝန်ဆောင်မှုပြန်လည်ရရှိမည်ဖြစ်ပါက အမြန်ဆုံး ပြန်လည် အကြောင်းကြားပေးသွားပါမည်။ အဆင်မပြေမှုများအတွက် အော်ဒီဒူးမြန်မာမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင်။ အော်ရီဒူး မြန်မာကို အသုံးပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်”
ဒါကတော့ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ အူရီဒူးမြန်မာကနေ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းအတွင်း အင်တာနက်ဖြတ်ထားတဲ့အကြောင်း ပြည်သူတွေကို အသိပေးထားတဲ့အသံ ဖြစ်ပါတယ်။ အဲဒီအသိပေးချက်မှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့ မပါပေမယ့် ဝက်လက်မြို့မှာလည်း အင်တာ နက် သုံးမရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အင်တာနက် အပိတ်ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်းထဲက ကနီမြို့မှာ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်မှု ကြောင့် ဇူလိုင်လအတွင်း လူ ၄၀ လောက် အစုအပြုံလိုက် အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို သတင်းအချက်လက်မရအောင် အခုလို အင်တာ နက် ဖြတ်တောက်လိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"အင်တာနက်ပြတ်သွားတဲ့အတွက် တော်တော်လေးကို ဒုက္ခရောက်သွားတဲ့ သဘောဖြစ်တာပေါ့နော်။ သိချင်တာ လေးတွေလည်း မသိရဘူးပေါ့။ အင်တာနက် ဖြတ်ပြီဆိုရင် သူတို့အနေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ဘာတွေကို နှိမ်နှင်းဖို့လို့ လောလောဆယ်တော့ ယူဆနေတာ။ ဒါပဲဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုတလင်နဲ့ ကနီက မြစ် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းဆိုတော့ ဘုတလင်နယ်မှာက မိုင်တဲတာဝါတွေလည်း ဖျက်ခံရတယ်ပေါ့။ ဒါကို သူတို့အနေနဲ့ ထိုးစစ်လုပ်ဖို့ဖြစ်မယ်လို့ ယူဆတာပဲ"
RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ ၁၀ ရက်ကျော်အတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ချင်း နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွေမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၅ ခု ရှိပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ စက်တင်ဘာ ၉ ရက်ကနေ ၁၅ ရက်အထိ တစ်ပတ်အတွင်း ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ငါးခုရှိပြီး မနေ့ကစလို့ Mytel အင်တာနက်လိုင်းတွေ သုံးမရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက PDF တွေနဲ့ ဒေသခံတွေကို စစ်ရေးအရ အင်အားသုံး ဖြိုခွင်းရာမှာ အသာစီးရအောင် အင်တာနက်ဖြတ်တောက်လိုက်တာလို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဒေသခံတစ်ယောက်ကတော့ အင်တာနက် ဖြတ်တောက်ခံရပြီးရင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ပိုများလာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
"ဒီအင်တာနက်ရနေတုန်းကတောင် မတရားသဖြင့် လူတွေကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အင်တာနက်သာ မရရင် ဒီထက်မက ကျူးလွန်မယ့်အနေအထားကြီးဗျာ။ ကျနော်တို့ နား လည်တဲ့ စစ်တပ်က ပြည်ပရန်ကာကွယ်ဖို့ပဲ သူတို့က တာဝန်ရှိတာဗျ။ အခုက မဟုတ်ဘူး။ သူတို့မှာ လက်နက်ရှိတယ်။ အင်အားရှိတယ်။ တိုက်ခိုက်ရေးမှာလည်း စွမ်းရည်မြင့်တဲ့ဟာတွေရှိတယ်ဆိုပြီး သူတို့က မိုက်ကြေးခွဲနေတဲ့ အနေအထားဗျာ"
စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့တွေကို စက်တင်ဘာ ၁၄ ရက်ကစပြီး အင်တာနက် 3G မြန်နှုန်း၊ 4G နဲ့ WTTH (Broadband) တွေကိုပိတ်ထားဖို့ စစ်ကောင်စီက ဆက်သွယ်ရေး အော်ပရေတာအားလုံးကို ညွှန် ကြားခဲ့တယ်လို့ မကွေးတိုင်းထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆက်သွယ်ရေးဝန်ထမ်း တစ်ယောက် RFA ကို ပြောပါတယ်။
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာတော့ မိုဘိုင်းအင်တာနက်တွေ ပြတ်တောက်သွားပြီး ဝိုင်ဖိုင်အတွက် လွှတ်ထားတဲ့ ကေဘယ်အင်တာနက် တစ်လိုင်းပဲ ရတော့တယ်လို့ တောင်တွင်းကြီးဒေသခံတွေက ပြော ပါတယ်။

အင်တာနက် ဖြတ်လိုက်တာကြောင့် သတင်းတွေ အဆက်ပြတ်သွားပြီး အွန်လိုင်းငွေချေ စနစ်သုံးနေတဲ့ လုပ်ငန်းတွေပါ ရပ်ဆိုင်းတော့မှာကို စိုးရိမ်နေရတယ်လို့ တောင်တွင်းကြီး ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
“သတင်းပြတ်သွားတာမျိုးပေါ့ သတင်းပြတ်သွားတယ်ဆိုတာက ကျနော်တို့ ဘာမှမသိရတော့ဘူး။ အဲဒီလို စိုးရိမ်စိတ်လေးတွေ ဝင်တာပေါ့ အမှောင်ကျသွားတယ်။ လုပ်ငန်းတွေ အကုန်ရပ်ဆိုင်းတော့မယ်။ ဒါမျိုး ပုံစံမျိုးတော့ စိတ်ထဲတော့ ထင်သွားတာပေါ့။ အဓိကတော့ အဲဒါတွေဆုံးရှုံးတယ်။ နောက်တစ်ခုက ကုန် စည်စီးဆင်းမှုအတွက် ငွေကြေးတွေ အလွှဲအပြုတွေမှာ နည်းနည်းခက်တာပေါ့။ လိုင်းတွေပြန်ရသွားမှ ဒီအပေါ်မှာ ဈေးရောင်းတာတွေရှိတယ်။ ငွေကြေးဖလှယ်တာလေးတွေ ရှိတယ်ပေါ့နော်။ သတင်းအချက် အလက်လေးတွေ ဒါလေးတွေ အမြန်ဆုံးသိရတာပေါ့။ ဒါမျိုးလေးတွေပေါ့”
မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရတဲ့ မန္တလေးတိုင်း ဒေသခံ တစ်ဦးကတော့
“အဓိကကတော့ သူတို့စစ်ဆင်ရေး ပုံစံမျိုးလုပ်ဖို့အတွက် အင်တာနက်ဖြတ်တယ်ပေါ့။ PDF တွေကို သူတို့ ဘက်က ပြန်ပြီးတော့ ထိုးစစ်ဆင်ဖို့ အဲဒီပုံစံမျိုးနဲ့ သတင်းမပြန့်အောင်ပေါ့၊ အဓိကကတော့ သတင်းမပြန့် အောင်အတွက်ကို သူတို့ အင်တာနက်ဖြတ်တယ်လို့ အစ်ကိုတို့ကတော့ အဲလိုပဲ ယူဆတယ်ပေါ့။ ဒီအင် တာနက် မပြတ်ခင်မှာတောင် သူတို့ လုပ်ချင်သလို လက်လွတ်စပယ်လုပ်နေကြတာ အဲဒီတော့ အင်တာ နက် ဖြတ်ထားတဲ့အချိန်တွေမှာ သူတို့ဘက်ကနေ အဲဒီလိုမျိုး မဆိုင်တဲ့ ပြည်သူတွေ အပြစ်မဲ့တဲ့ ပြည်သူ တွေကို ဖမ်းတာဆီးတ၊ နှိပ်စက်တာတွေ ပိုပြီးတော့ လုပ်လာမှာကို စိုးရိမ်တာပေါ့ အဲဒါလေးပဲရှိပါတယ်”
အင်တာနက်ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနောမြန်မာကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေတွေကို လိုက်နာရတဲ့အတွက် ဒေတာဝန် ဆောင်မှုတွေပေးဖို့ ကန့်သတ်ချက်တွေ ရှိနေကြောင်း၊ အခုချိန်မှာ တချို့ဒေသတွေမှာ ဒေတာ ဝန်ဆောင်မှုတွေ မရနိုင်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းအဓိကထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်မှာတော့ တိုက်ပွဲကိစ္စအပြင် အလွန်အကျွံ တူးနေတဲ့ ကျောက်စိမ်းလုပ်ငန်းတွေအတွက် သတင်းအမှောင်ချချင်တာကြောင့် အင်တာနက်ဖြတ်တာ ဖြစ်နိုင် တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဖားကန့်မြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။
"အင်တာနက် ဖြတ်လိုက်တဲ့အတွက် တိုက်ပွဲဖြစ်လာလားဆိုပြီးတော့ လူတွေက သို့လော သို့လောနဲ့ ကုန်ပစ္စည်းတွေ စားနပ်ရိက္ခာတွေ ဝယ်ယူစုဆောင်းတဲ့အခါကျတော့ ဈေးနှုန်းကြီးလာတာပေါ့။ ကျောက် စိမ်းတူးချင်လို့ ဒါကို သတင်းအမှောင်ချထားတာပေါ့လေ။ လက်ရှိ တကယ်လည်းဖြစ်တယ်။ အင်တာနက် ဖြတ်ပြီးနောက်ပိုင်းမှာ စက်ယန္တရားတွေထုတ်ပြီး တူးလာတယ်။ နေ့ရောညရော တူးလာတယ်။ မိုင်းတွေပါ ခွဲတာပေါ့နော်။ တောင်ဖြိုမိုင်းတွေပါသုံးပြီးတော့ ကျောက်စိမ်းတူးလာတာပေါ့။ ဒါတွေက နိုင်ငံတော်လည်း မရဘူး။ ဒေသအာဏာပိုင် (စစ်ကောင်စီအုပ်ချုပ်ရေးပိုင်း) တွေ ခွဲစားနေကြတာ"

စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ကချင်ပြည်နယ်က မြို့နယ် ၁၀ ခုကို ဘာကြောင့် အင်တာနက် ဖြတ်တောက်ထား သလဲဆိုတာ သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ၂၀၁၉ ဇွန်လ ၂၁ ရက်ကစလို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ပြန်ဖွင့်ပေးခဲ့တာပါ။
အင်တာနက်ဖြတ်တောက်ခံရတဲ့ ကာလတွေအတွင်း ရွာတွေထဲကို စစ်တပ်ဝင်လာလို့ ဒေသခံတွေ ထွက်ပြေး ရတာ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ၊ ရွှေငွေတွေ ပျောက်ဆုံးတာ၊ နေအိမ်တွေ မီးရှို့ခံရတာ၊ ပစ်ခတ်ခံရလို့ ဒေသခံတွေ အသက်ဆုံးတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရခိုင်ပြည်နယ် ဒေသခံတွေ ရင်ဆိုင် ခဲ့ရပါတယ်။
အဲဒီအချိန်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အင်တာနက်ပိတ်ထားတဲ့အတွက် တပ်ရဲ့သတင်းတွေနဲ့ ပတ်သက်ပြီး အင်တာနက်ကနေ အပေးအယူလုပ် နေတာတွေ၊ လူမှုကွန်ရက်ပေါ် ပို့စ်တင်နေတာတွေ လျော့သွားတဲ့အကျိုးကျေးဇူးတွေရခဲ့တယ်လို့ ၂၀၂၀ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တုန်းက RFA ကို ဖြေကြားခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး တစ်နိုင်ငံလုံးကို ရက်ခြားဆိုသလို အင်တာနက်ဖြတ်ထားရာ ကနေ ဧပြီလမှာတော့ အင်တာနက်ဝန်ဆောင်မှု ငါးမျိုးထဲက လူသုံးအများဆုံးဖြစ်တဲ့ မိုဘိုင်းဒေတာ၊ ဝိုင်ဖိုင်နဲ့ Broadband ဝန်ဆောင်မှုတွေကို ပိတ်လိုက်ပြီး ကေဘယ်ကြိုးသုံး အင်တာနက်နဲ့ စီးပွားရေးလုပ်ငန်းသုံး အင်တာနက် ဝန်ဆောင်မှု နှစ်မျိုးတည်းကိုသာ ခွင့်ပြုပေးခဲ့ပါတယ်။
အင်တာနက်ဖြတ်ထားတာဟာ စစ်ကောင်စီဘက်က သတင်းအချက်လက် အသာစီးရယူတာဖြစ်တယ်လို့ သတင်းစာဆရာ တစ်ယောက်ဖြစ်တဲ့ ဦးမြင့်ကျော် က ထောက်ပြဝေဖန်ပါတယ်။
“Information နဲ့ အသာစီးရတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကလည်း ပိုပြီး တော့ ဖြစ်နိုင်တာပေါ့နော်။ တနည်းအားဖြင့် အမှောင်ချလိုက်၊ ကာထားလိုက်တဲ့သဘောပေါ့။ ဒီသတင်း အချက်လက်တွေ မှတ်တမ်းတွေကတော့ ထွက်တော့လာမယ်။ ဒါပေမဲ့ အခုလို နေ့ချင်းတော့ မထွက် နိုင်ဘူး။ ဒီနေ့ဖြစ် မနက်ဖြန်ထွက်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ပြည်သူတွေအတွက်ကတော့ ဆုံးရှုံးတာပေါ့။ ဆက်သွယ်ရေးရော လူ့အခွင့်အရေးရော တိုက်ပွဲနဲ့မဆိုင်တဲ့ သတင်းအချက်လက်တွေပါ ရဖို့အခွင့်အရေး ဆုံးရှုံးတာ"
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဧပြီလကုန်အထိ သုံးလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသူ အများဆုံးဖြစ်ခဲ့ပြီး တစ်ရက်တည်းနဲ့ လူ ၁၄၀ ကျော် အသတ်ခံခဲ့ရပါတယ်။