KIA နဲ့ အစိုးရတပ် တိုက်ပွဲကြောင့် ထွက်ပြေးသူ ထောင်ဂဏန်းရှိ
2011.06.12
ထွက်ပြေးသူ စုစုပေါင်း ၂ ထောင်လောက် ရှိသွားပြီလို့ KIO အရာရှိတဦးက ပြောပါတယ်။
ဇွန်လ ၉ ရက်နေ့က စတင်ခဲ့တဲ့ မိုးမောက်မြို့နယ် ဆန်ကာ ကျေးရွာအနီးက တိုက်ပွဲဟာ ဒီနေ့အထိ ဆက်လက် ဖြစ်ပွားနေတာပါ။ တိုက်ပွဲနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်မှာ KIO အရာရှိတယောက်ကို မေးမြန်းကြည့်တဲ့အခါ …
“နောက်ဆုံး အခြေအနေက ခုထိ ချနေတုံးပဲလေ။ အခုတလော ဖြစ်တဲ့နေရာမှာပဲ၊ ဆန်ခါမှာ။ ဒီမနက် ၆ ခွဲကနေ သူတို့အရင် လက်နက်ကြီးနဲ့ ပစ်တာကိုး။ ၃ နာရီကျော် ပစ်တာ။ နေ့လည်မှာ ခဏ နားပြီး ပြန်စတာ၊ အခုအချိန်ထိ ပစ်နေတုံးပဲ။ အခုလည်း လက်နက်ကြီးတွေနဲ့ ပြန်လှမ်းထုနေတယ်”
ဒီကနေ့ တိုက်ပွဲမှာ မြန်မာအစိုးရဘက်က ခလရ (၄၃၇) နဲ့ (၃၂ဝ) တပ်တွေ ပါသလို ခလရ (၆ဝ၂) တပ်ရင်းလည်း တက်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ KIO တပ်ရင်းတွေကတော့ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅)၊ (၂၅) နဲ့ တပ်ရင်း (၃ဝ) တို့ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ တနေကုန် ပစ်ခတ်နေပေမယ့် ပစ်တဲ့နေရာက တခြားစီ ဖြစ်နေတာကြောင့် KIO ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် တိုက်ပွဲဒေသ အတွင်းမှာရှိတဲ့ မိုးမောက်မြို့နယ် ဒေသခံ အများစုကတော့ တရုတ်-မြန်မာ နယ်စပ်ဘက်မှာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ စောစောက KIO အရာရှိက ပြောပါတယ်။
“ထွက်ပြေးလာတဲ့ အိမ်ခြေ ၁ ရာကျော်ပြီ။ လွယ်ကျယ် ဟိုဘက်ခြမ်း၊ လွယ်ယင်းဟိုင်းဟိုဘက် လားရင်းဘက်မှာ အယောက် ၁ ထောင်ကျော် ၂ ထောင့် ၅ ရာ ဝန်းကျင်ဖြစ်သွားပြီ ထွက်ပြေးတာ”
လားရင်းမြို့ဟာ တရုတ်နိုင်ငံဘက်က နယ်စပ်မြို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရတပ်က စစ်ထောက်ရေးတွေ KIO ထိန်းချုပ်ရာ ရှေ့တန်း တပ်နယ်မြေတွေကို ရောက်ရှိလာပြီး အဲဒီ စစ်ထောက်လှမ်းရေးတွေကို KIO က ဖမ်းဆီးခဲ့ပါတယ်။ နောက်တရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး မြန်မာအစိုးရတပ်က ၃ ယောက် ကျဆုံးပြီး တချို့ ဒဏ်ရာရသွားပါတယ်။
တိုက်ပွဲဖြစ်ပြီးတော့ နှစ်ဘက်လုံးက ဖမ်းထားတဲ့သူတွေကို သုံ့ပန်း လဲလှယ်ဖို့ သဘောတူခဲ့ပါတယ်။ KIO က ဖမ်းထားတဲ့ မြန်မာ စစ်ထောက်လှမ်းရေးတွေကို ကောင်းကောင်းမွန်မွန် ပြန်လွတ်လိုက်ပေမယ့် မြန်မာအစိုးရတပ်က ဖမ်းထားတဲ့ KIO အရာရှိ တယောက်ကိုတော့ အလောင်းကိုသာ ပြန်လည် ပေးအပ်ခဲ့ပါတယ်။