ကရင်နီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရဖက်မှ ၄ ဦး ကျဆုံး
2011.03.08

တိုက်ပွဲ ဖြစ်ပွားတဲ့နေရာဟာ KNPP က ဗိုလ်ကြီး စနိုး ဦးဆောင်တဲ့ တပ်ရင်း ၃ က အဖွဲ့တွေနဲ့ စစ်အစိုးရရဲ့ ကင်းလှည့်တပ်ဖွဲ့နဲ့ ရှမ်းပြည်တောင်ပိုင်း လွယ်ဖီတောင်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဟာ မိနစ်၃၀ ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။ ကရင်နီ (ကယားပြည်နယ်) နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ ခုလို တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ KNPP ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးရွှေမျိုးသန့်က ပြောပါတယ်။
“ဒီလိုပေါ့လေ၊ ဥပမာအားဖြင့် သူတို့လည်း သူတို့မှာ နယ်မြေလုံခြုံရေးအတွက် ဆင်းတဲ့ဟာတွေ စစ်ကြောင်းတွေ ဘာတွေ ရှိတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ရွာတွေကို စစ်ကြောင်းတွေ အတွင်းမှာ လှည့်လည်ပြီး လှုပ်ရှားတာတွေ ရှိတော့ တခါတလေ ကျလို့ရှိရင်တော့ အဲဒီလို ရင်ဆိုင်တိုးပြီး ပစ်ကြတာတွေ ရှိတယ်။ တခါတလေကျရင် သတင်းရရင် စောင့်ပြီး ပစ်တာတွေ ရှိတယ်။ အဲဒီလို ဟိုနေရာ ဒီနေရာ ကွက်ကျားပြီး တောက်လျှောက် ဖြစ်နေတာပဲ။ ဒီ ခုန ပြောသလို ကျွန်တော်တို့ လှုပ်ရှားစစ်ကြောင်းနဲ့ သူတို့ စစ်ကြောင်းနဲ့ တိုးတဲ့အခါမှာ ဖြစ်မယ်၊ နောက် သူတို့ စစ်ကြောင်း လှုပ်ရှားမှုတွေကို ကျွန်တော်တို့က သိတဲ့ အခါမှာ ဘယ်လိုခေါ်မလဲ စောင့်ပြီးတော့ ပစ်တာတွေ ရှိမယ်၊ အဲလိုပေါ့။ ”
အခုဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတွေကို စစ်အစိုးရဖက်က အတည်ပြုချက် မရရှိပါဘူုး။ KNPP အဖွဲ့တွေအနေနဲ့ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်ကြား ဒေသတွေမှာ KNU တပ်ဖွဲ့တွေနဲ့ ပူးတွဲ ကင်းလှည့်တာတွေလည်း ရှိသလို အဲ့ဒီ ဒေသတွေမှာလည်း စစ်အစိုးရတပ်တွေနဲ့ မကြာခဏ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိတယ်လို့ သိရပါတယ်။