သုံးနှစ်အတွင်း ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံး
2024.04.13

(Updated: 9:33 AM, April 14, 2024)
အာဏာသိမ်း သုံးနှစ်တာကာလအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) တပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံးခဲ့ပြီး တိုက်ပွဲပေါင်း ၁၇ဝ ကျော် ဖော်ဆောင်ခဲ့တယ်လို့ ဧပြီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
CNDF ဟာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ ၂ဝ၂၁ ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ CNDF တည်ထောင်တဲ့ သုံးနှစ်ပြည့်အခမ်းအနားကို ဧပြီ ၁၃ ရက်နေ့မှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့ပြီး အခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်တွင်း မြို့အားလုံးကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဆလိုင်းတင်မီက ပြောပါတယ်။
“ချင်းပြည်နယ် ကိုးမြို့နယ်မှာ ကျေးရွာတွေဘက်မှာ စစ်ကောင်စီ စစ်စခန်းတစ်ခုမှမရှိတော့ပါဘူး။ ဒါပေမဲ့ မြို့တွေထဲမှာ ရှိနေပါတယ်။ စစ်ကောင်စီယန္တရားတွေက မြို့တွေထဲက လည်ပတ်တာဖြစ်လို့ ကျွန်တော်တို့ မြို့တွေကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်။ ကျန်နေသေးတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။”
ဒီကာလအတွင်း CNDF တစ်ဖွဲ့တည်းက စစ်ကောင်စီ စခန်း နှစ်ခုသိမ်းပိုက်ခဲ့ပြီး၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စခန်းသိမ်းနိုင်ခဲ့တာ ခုနစ်ခုရှိပါတယ်။ ဖလမ်းမြို့နယ်က သီးဘွာလ်စခန်းနဲ့ ဗားရ်စခန်းတို့ကို CNDF တစ်ဖွဲ့တည်းက သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ကလေးမြို့နယ်က မြောက်စည်းစခန်း၊ ခမ်းပတ်စခန်း၊ ရာဇဂြိုဟ်စခန်း၊ ရန်ကြီးအောင်စခန်း၊ ဖလမ်းမြို့နယ်က ထင်းရှုးစခန်း၊ ဆယ်ပေါင်စခန်း၊ မတူပီမြို့နယ် ထယ်ဘွေးစခန်းတို့ကိုတော့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးခဲ့တဲ့ CNDF တပ်ဖွဲ့ဝင် ၄၈ယောက်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ ၄ဝ ကျော်ရှိပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့အားလုံးအနေနဲ့ဆိုရင် တပ်ဖွဲ့ဝင် ၄ဝဝ ခန့် ဆုံးရှုံးခဲ့ပါတယ်။
CNDF အခြေစိုက်တဲ့ ဖလမ်းမြို့နယ်နဲ့ အထက်ချင်းတွင်းဒေသမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပြင် ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လာနိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီအပါအဝင် ဘယ်အာဏာရှင်မျိုးကိုမဆို တွန်းလှန်ချေမှုန်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
(မှတ်ချက်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းသိမ်းယူထားသည့် စစ်ကောင်စီတပ်စခန်းအမည်များအား ဖြည့်စွက်ပြင်ဆင်ရေးသားထားပါသည်။)